မီးအိမ်ငယ်ရဲ့ အလင်းရှင် 21

947 104 21
                                    

~~၂၁~~

''တီဇော်ရေ...''

ကော်ဖီပင်တွေကြား တိုးတိုက်နေတဲ့ လေထုထဲ မျောပါလာတဲ့အသံ ။ဟော ။တီဇော်ရေတဲ့။ သွန်းအလင်္ကာအသံနဲ့ တူလိုက်တာ ။ဇော် အဲ့ကလေးကို သတိရနေလွန်းလို့ ညတွေမှာ မကြာခဏ အိပ်မက်မက်တတ်သည် ။ ခုတော့ အိပ်မက်ရုံတင်မက အပြင်မှာပါ အသံကို ကြားယောင်နေပြီ ။ ဇော့်ကိုရော အဲ့ကလေး သိပ်များ သတိရနေမလား ။ ဒါမှမဟုတ် သူ့ကိုထားခဲ့လို့များ စိတ်ဆိုးနေလားမသိ ။ မရွှေမိက တစ်ရက်တစ်ခါ ဖုန်းမှန်မှန်ခေါ်ပေမဲ့ သူ့အသံကိုတော့ ဒီနေ့အထိ ယောင်လို့တောင်မကြားရ ။

       ''တီဇော်...တီဇော်ရေ...''

ဟော ထပ်ကြားရပြန်ပြီ ။ ခုနကလို ခပ်ဝေးဝေးက လာတဲ့အသံမဟုတ်တော့ ။ပိုပြီးကြည်လင်ပြတ်သားစွာ ကြားလိုက်ရတာ ။ဇော် စိတ်စွဲပြီး ကြားယောင်နေတာလား ။ တကယ်ပဲ သူ ခေါ်နေတာလား ။ အို သူခေါ်နေတာတော့ မဖြစ်နိုင်ပါဘူး ။ သူက ရန်ကုန်မှာလေ ။

''တီဇော် ခြံထဲမှာ ရှိနေတယ်ဆို...ဘယ်နေရာမှာလဲဟင်...မီးခေါ်နေတာကြားလား တီဇော်ရေ...''

    ဟော။သေချာပြီ ။ ဒါဟာ သူ့အသံကို ထင်ယောင်ထင်မှား ကြားယောင်နေတာမဟုတ် ။နေ့ခင်းကြီး အိပ်မက်မက်နေတာလည်းမဟုတ် ။ဇော်သည် ကော်ဖီပင်တွေကြား အလုပ်လုပ်နေကြတဲ့ လုပ်သားတွေထဲ အကြည့်ကို ဖြန့်ကျက်လိုက်သည် ။ တကယ်သူလား ။ ရန်ကုန်မှာ ရှိနေရမဲ့ ကလေးက တကယ်ပဲ ဇော့်ခြံထဲ ရောက်လာပြီး ဇော့်ကို လိုက်ရှာနေတာလား ။တစ်ယောက်ယောက် နောက်နေတာတော့ မဟုတ်ဘူးမလား ။ သူ တကယ် ရောက်လာတာဆိုရင် ဘယ်နေရာကနေ ဇော့်ကို ခေါ်နေတာလဲ ။ဒီလူအုပ်ကြီး ကြားထဲမှာ ဘယ်တစ်ယောက်က ဇော့်ကလေးလဲ ။စိတ်လှုပ်ရှားမှုကြောင့် ဇော့်ခြေဖျားလက်ဖျားတွေ အေးစက်လာသည် ။

''တီဇော်ရေ...''

     နီးနီးကပ်ကပ်ထွက်လာတဲ့ ဝမ်းသာအားရခေါ်သံ ။ လွင့်ခနဲ ပြေးလာတဲ့ပုံရိပ် ။ပြီးတော့ ရင်ခွင်ထဲမှာ နွေးထွေးသွားတဲ့ အထိအတွေ့ ။ အရှိန်နဲ့ ပြေးဖက်လိုက်တာကြောင့် နောက်ပြန်လဲကျမသွားအောင် ကိုယ်ဟန်ကို မနည်းထိန်းလိုက်ရသည် ။ဇော့်ခါးကိုခပ်တင်းတင်း ပွေ့ဖက်လိုက်တဲ့ လက်လေးနှစ်ဖက် ။ ပူနွေးနွေးအသက်ရှုငွေ့က ဇော့် လည်တိုင်ကို အလုအယက် တိုးဝှေ့နေသည် ။ အို ။တကယ်သူပေါ့ ။ဇော့်ကလေးပေါ့ ။ သွန်းအလင်္ကာလေးက တကယ်ပဲ ဇော့်ဆီကို လိုက်လာတာပေါ့ ။ ခပ်ပြင်းပြင်း အသက်ရှုသံရယ်၊ လေငွေ့နွေးနွေးရယ်၊ ခါးကိုဖက်ထားတဲ့ တင်းကြပ်တဲ့ အထိအတွေ့ရယ်၊ နှာဝကိုကလူကျီစယ်နေတဲ့ ခပ်သင်းသင်းမွှေးရနံ့လေးရယ် ။သေချာပြီ ။ဒါအိပ်မက်မဟုတ်ဘူး ။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Where stories live. Discover now