မီးအိမ်ငယ်ရဲ့ အလင်းရှင်..12

2.1K 218 34
                                    

Unicode
                  ~~၁၂~~

    အတွေးများတဲ့ ညတွေဆို အိပ်စက်ခြင်းက ကာကာရဲ့အဝေးမှာ။ကမ္ဘာပေါ်မှာ အလေးဆုံးဆိုတဲ့ မျက်ခွံကို အတွေးတွေက ပင့်တင်တော့ ကာကာ့မျက်ခွံဟာ ရေထဲနှစ်ချလိုက်တဲ့ ပလတ်စတစ်စလေးလို ။ အိပ်ရာထက်မှာ ဟိုဘက်သည်ဘက် လူးလှိမ့်နေရင်း အိပ်မရတဲ့အဆုံးတော့ ထထိုင်လိုက်သည်။ အပြင်လည်း မထွက်ချင်။စာဖတ်ရင် အိပ်ပျော်သွားမလား ။ စာကြည့်စားပွဲကို လှမ်းကြည့်တော့ စားပွဲစွန်းမှာ အမှတ်တမဲ့ တင်ထားတဲ့ ဖုန်းလေးက မြင်ကွင်းထဲမှာ ထင်းခနဲ ။ ဖုန်းလေးကိုထယူပြီး အိပ်ရာပေါ်ပြန်လှဲချလိုက်သည်။

       ပါဝါဖွင့်လိုက်တာနဲ့ ဝေါလ်ပေပါမှာ ကာကာ့ပုံ။ဖုန်းသုံးနည်း သင်ပေးတုန်းက တီဇော်ပြမယ်ဆိုပြီး ကာကာ့ပုံကိုရိုက်ယူပြီး တစ်ခါတည်း ဝေါလ်ပေပါတင်ထားပေးတာ ။ ပုံထဲက ကာကာက အူကြောင်ကြောင်ရုပ်ကလေးနဲ့ ။မျက်လုံးကလေးပြူးပြီး ဖုန်းကိုကြည့်နေတာ။ အဲ့အချိန်တုန်းကတော့ စူးစမ်းလိုစိတ်နဲ့ တီဇော် ဘာလုပ်မို့ပါလိမ့်လို့တွေးရင်း ပြူးကြောင်ကြောင်လေး ဖြစ်နေပေမဲ့ ခုတော့ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး ရယ်နေရပြီ ။ ကာကာတောင် ကိုယ့်ပုံကိုယ် ပြန်ကြည့်ပြီး ရယ်ချင်နေရင် အဲ့အချိန်တုန်းက ဒီပုံကို ရိုက်ယူနေတဲ့တီဇော်ရော ကာကာ့ကို ဘယ်လောက်ထိများ ရယ်ချင်နေမလဲ ။ အာ ရှက်စရာ ။
    
      စိတ်အတွေးက ပြေးနေသလို ကာကာ့လက်တွေကလည်း ဖုန်းမျက်နှာပြင်ပေါ်မှာ ပြေးနေသည် ။ ဂယ်လာရီကို ဖွင့်လိုက်သည် ။ သိပ်မနည်းပေမဲ့ သိပ်လည်းမများတဲ့ပုံလေးတွေ ။ ဟော ။ ဒီမှာ ။ ရှားရှားပါးပါး ။ တီဇော်နဲ့ ကာကာ နှစ်ယောက်တွဲပုံလေး ။တီဇော်က ကင်မရာလှည့်ပြီး ဆဲလ်ဖီက ဒီလိုဆွဲရတာဆိုပြီး ဖုန်းကိုမြှောက်လိုက်တာနဲ့ ကာကာက အလိုလိုလက်နှစ်ချောင်းထောင်ပြီး ပြုံးလိုက်တာ ။ တီဇော်က ကာကာ့ကိုငဲ့ကြည့်ရင်းရယ်လို့။အဲ့ပုံလေးက ချစ်စရာ။ဘေးတိုက်မြင်နေရတဲ့ တီဇော့်မျက်နှာကောက်ကြောင်းက အချိုးကျပြေပြစ်လိုက်တာ ။ အကြာကြီး ကြည့်နေမိပြီးမှ ဝေါလ်ပေပါက ကာကာရဲ့ ပြူးကြောင်ကြောင်ရုပ်ကလေးနေရာမှာ တီဇော်နဲ့ တွဲရိုက်ထားတဲ့ပုံကို ပြောင်းလိုက်သည်။

     ဂယ်လာရီထဲက ပုံတွေကို ကြည့်နေရင်း သတိရသွားသည် ။ မမရတီဆီမှာ တီဇော့်အကြောင်း မေးကြည့်တုန်းက မမအကြောင်းပိုသိချင်ရင် အွန်လိုင်းမှာရှာကြည့်ဆိုတဲ့စကားကို အမှတ်ရသည် ။ဒီညအတွက်တော့ ကာကာ စိတ်ဝင်စားစရာတွေ့ပြီ ။ တီဇော်မှာ facebook အကောင့်ရှိမှာပေါ့ ။ fb မှာ အရင်ကြည့်ကြည့်မယ်။ လိုင်းဖွင့်ပြီး ခင်ဇော်ပျိုလို့ ရိုက်ထည့်လိုက်တာနဲ့ တီဇော့်အကောင့် ပေါ်လာပါပြီ။ ပရိုဖိုင်တင်ထားတဲ့ပုံက ချစ်စရာကြီး ။
အသီးနီနီလေးတွေ ပြွတ်သိပ်နေအောင် သီးနေတဲ့ ကော်ဖီပင်ရှေ့မှာရပ်နေတဲ့ တီဇော် ။ ခါးနှစ်ဖက်ထောက်ပြီး ခေါင်းမော့ရယ်နေ
ပုံက လွတ်လပ်ပေါ့ပါးနေသည် ။ တီဇော်ပုံကို ကြည့်နေရင်း ကာကာ့နားထဲမှာ ရယ်သံချိုသြသြကို ကြားယောင်လာသည် ။ ကာကာ သတိမထားလိုက်မိခင်မှာ အလိုအလျောက် ပြုံးနေမိပြီ ။

     ဝမ်းသာအားရနဲ့ add friend ကိုနှိပ်မလို့ပြင်ပြီးမှ မနှိပ်ဖြစ်သေး ။တီဇော့်သူငယ်ချင်းတွေကလည်းများလိုက်တာ။4985တဲ့။ဖရန့်အပ်ရမလား စဥ်းစားပြီးမှ တစ်အိမ်တည်းနေပြီး နေ့တိုင်းတွေ့နေရတာကို။လိုင်းပေါ်မှာ သူငယ်ချင်းမလုပ်တော့ပါဘူး။ဒီဖုန်းက ကာကာ့ကိုတီဇော်ပေးထားတာ။ ပြီးတော့ ကာကာ့မှာ fb အကောင့်ရှိတာလည်း တီဇော်သိနေသားပဲကို ။ တီဇော်သာ ကာကာနဲ့ လိုင်းပေါ်မှာသူငယ်ချင်းဖြစ်ချင်ရင် တီဇော်လာအပ်မှာပေါ့ ။ ခု တီဇော်မှ လာမအပ်ထားတာ ။ ကာကာ့ကိုလည်း အပ်ဖို့တစ်ခါမှ မပြောဖူး ။ နေပါစေ ။  ဒီအတိုင်းလည်း ဝင်စပ်စုလို့ ရနေသားကို ။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Dove le storie prendono vita. Scoprilo ora