~~၁၇~~
ကစားကွင်း ဝင်ပေါက်မှာရပ်ပြီး ဝင်ကြေးပေးနေရင်း ဇော်ရော ရတီပါ ပြုံးစိစိ ။ ရတီက လူငယ် ဆိုပေမဲ့ အနေခပ်အေးအေး ။ ဇော့် ဆီရောက်ကတည်းက လူကြီးလေးလို တည်တည်ငြိမ်ငြိမ် နေတတ်သူ ။ ဇော်ဆိုတာ ကလည်း အလုပ်နဲ့ အိမ်ကလွဲရင် ဘယ်မှသိပ် သွားလေ့ မရှိသူမို့ နှစ်ယောက်သားက ကစားကွင်းဆိုတဲ့နေရာနဲ့ အတော်လေးစိမ်းပါသည် ။ သွန်းအလင်္ကာလေး နေမကောင်း ဖြစ်ပြီးကတည်းက မှိုင်တွေနေလို့ စိတ်အပြောင်းအလဲလေးဖြစ်အောင် ဇော်တို့နှစ်ယောက်သား ကစားကွင်းကို ခပ်တည်တည်နဲ့ ခေါ်ချလာခဲ့ပေမဲ့ တကယ်တမ်း ရောက်လာတော့ အထဲဝင်ရမှာ ခပ်တွန့်တွန့် ။
ခုတော့ ဝင်ကြေးပေးပြီးပြီ ။ ဇော်နဲ့ရတီ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သွန်းအလင်္ကာလေးကို အလယ်မှာထားကာ ဝင်ပေါက်မှ အထဲသို့ လှမ်းဝင်လိုက်သည် ။ ကွင်းထဲကို ခြေချလိုက်တာနဲ့ အရွယ်စုံ ရောင်စုံလူတွေ ဟိုဟိုဒီဒီ သွားလာနေကြတာ တွေ့ရသည် ။ ဇော့်အရွယ်တွေက မိသားစုလိုက် လာကြတာ များသလားလို့ ။
ဇော်လည်း ကလေးကို လိုက်ပို့တာပါပဲလေ ။ ဇော် မိသားစုနဲ့အတူ သွားဖူးတာ တိရိစ္ဆာန်ရုံပဲရှိတာ ။ ကြာလှပေါ့။ ဇော် လူငယ်ဘဝတုန်းက ကစားကွင်းဆိုတဲ့ နေရာတွေက ဒီလိုမဟုတ်သေး ။ ကစားကွင်းဆိုတဲ့ နေရာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အချိန်ကျတော့ ဇော့်အရွယ်တွေ သွားဖို့မသင့်လို့တွေးပြီး လာဖို့လည်း အချိန်မပေးနိုင်ခဲ့တာပါ ။ ခုရောက်လာတော့ ဘာလုပ်ရမှန်းမသိတဲ့လူနဲ့ မရောက်ဖူးတဲ့လူတော့ တွေ့ကြပြီပေါ့ ။
''ရတီ...ဘယ်ဘက်သွားရမလဲ...''
''ဟိုဘက်အရင်သွားကြမလား မမ...''
ပြုံးစိစိနဲ့ ရတီကလည်း ယောင်ဝါးဝါးနဲ့ ဟိုကြည့်ဒီကြည့် ။ ရတီလက်ညှိုးညွှန်ရာဘက်ကို လှမ်းကြည့်လိုက်တဲ့ ဇော့်မြင်ကွင်းထဲကို ကယ်တင်ရှင်က တီရှပ်အဖြူ ဂျင်းဒူးပြဲနဲ့ ပြုံးစစ ဝင်လာသည် ။
''ဟယ်...ဟိုမှာ မီးလေးသူငယ်ချင်း အလိမ္မာဆိုတဲ့တစ်ယောက်မလား...''
ကာကာ့သူငယ်ချင်း တွေ့တာကို သူ့သူငယ်ချင်းတွေ့သလို ပျော်သွားတဲ့ တီဇော်ကို ကာကာ မကြည်ကြည့် ကြည့်ပစ်လိုက်သည် ။ ရှိသမျှ သွားတွေ အကုန်ဖော်ပြီး ပြုံးရယ်နေတဲ့ တီဇော်ကတော့ ကာကာ့မကြည်ကြည့်ကို မမြင်ရှာ ။ သူ့အရပ်ကြီးကို လိမ္မာမမြင်မှာစ်ိုးလို့ ထင်ပါရဲ့ ။ ခြေဖျားထောက်ပြီး လက်ပြနေလိုက်သေး ။ ဟိုမိန်းကလေးကလည်း ထီပေါက်သလို ရွှေထုပ်ကြီးကောက်ရလိုက်သလို ခုန်ပေါက်ပြီး ပြေးချလာလိုက်တာ ။ ဝမ်းသာအားရကြီး ။
YOU ARE READING
မီးအိမ်ငယ်ရဲ့ အလင်းရှင်
Romanceမှောင်နေတဲ့ မီးအိမ်ကလေးကို သူမက အလင်းတွေ ထွန်းညှိပေးခဲ့တာ မီးအိမ်ရှင်ကလေး အမှောင်ထဲရောက်နေတဲ့အခါ မီးအိမ်ကလေးက လမ်းပြခေါ်ဆောင်ခွင့်ပြုပါ အလင်းမရှိတဲ့ မီးအိမ်နဲ့ မီးအိမ်မရှိတဲ့ အလင်းဟာ သီးခြားစီ ရပ်တည်ဖို့ ခက်ပါတယ် ခင်ဇော်ပျို သွန်းအလင်္က...