မီးအိမ်ငယ်ရဲ့ အလင်းရှင် 17(3)

754 78 23
                                    

         ~~၁၇(၃)~~

      အကင်ဆိုင်မှာ ရပ်စောင့်နေသူတွေရော၊ ထိုင်စောင့်နေကြသူတွေရော၊ ထိုင်စားနေသူတွေရောနဲ့ စည်ကားလို့ ။ အကင်လှည်းကလေးက လူအုပ်ကြားထဲမှာ ပျောက်နေသည် ။ ထိုင်စားနေကြသူတွေက ရပ်စောင့်နေသူတွေကို မသိကျိုးကျွံပြုပြီး အေးအေးဆေးဆေး စားလို့သောက်လို့ ။ ရပ်စောင့်နေသူတွေကလည်း မညောင်းမညာ ဇွဲကောင်းလိုက်ကြတာ ။ အရသာကောင်းလို့လည်း လူအုံတာနေမှာပေါ့ ။ ကာကာတို့လည်း လူအုပ်ကြီးရဲ့ ဘေးမှာ ရပ်နေကြပြီ ။ ကာကာ တစ်ယောက်တည်းဆိုရင် ရန်ကုန်ရဲ့ လူစည်ကားတဲ့ ညနေခင်းတွေ အကြောင်းကို သိမှာမဟုတ် ။ အလိမ္မာရဲ့ ဦးဆောင်မှုကြောင့်သာ ဒီနေရာမှာ ရပ်နေဖြစ်တာ ။

      ရန်ကုန်ရဲ့ ညနေခင်းက တဖြည်းဖြည်း လင်းစပြုလာတဲ့ မီးရောင်တွေအောက်မှာ  သက်ဝင်လှုပ်ရှား စည်ကားနေသည် ။ အကင်ဆိုင်ရှေ့မှာ လူရှုပ်နေလို့ တီဇော်က ဆိုင်နဲ့ခပ်လှမ်းလှမ်းက ပလက်ဖောင်းပေါ် လူနည်းနည်းရှင်းတဲ့နေရာမှာ ရပ်နေသည် ။ အိမ်ပြန်ချိန်တန်နေပြီမို့ ပြည့်လေးနဲ့ အရွှေကလိုက်မလာ ။ မမရတီက သူတို့နှစ်ယောက်နဲ့အတူ ပြန်နှင့်ပြီ ။

  ဖိုးခေါင်က​တော့ မလျော့သောဇွဲနဲ့ ကာကာ့ကို စကားပြောခွင့်ရဖို့ ကြိုးစားရင်း အချိန်တန်ပေမဲ့ အိမ်မပြန်နိုင်သေးရှာ ။ အကင်သွားစားမယ်ပြောတော့ ဖိုးခေါင်က သူလည်းလိုက်မယ် ဆိုလာတာကြောင့် ကာကာ လိမ္မာနားကမခွာ ။

   အကင်ဆိုင်ရှေ့မှာ အတူရပ်နေပေမဲ့ ကာကာတို့သုံးယောက်ကြားမှာ စကားသံတိတ်နေသည် ။ ကာကာတို့နဲ့ မသိမသာ ခွာရပ်နေတဲ့ ဖိုးခေါင်အကြည့်က အကင်မီးဖိုဆီမှာ ။ ညှော်နံ့တအူအူ မီးခိုးတလူလူနဲ့ အကင်ကင်နေတာကို ဖိုးခေါင်ကငေးလို့ ။ ကာကာ့ကို လက်ချိတ်ထားတဲ့ လိမ္မာက ဖိုးခေါင်နဲ့ ဆန့်ကျင်စွာ ရှုပ်ယှက်ခတ်နေတဲ့ လူတွေကားတွေကို စိတ်ဝင်တစား လိုက်ကြည့်နေသည် ။

    ကာကာကရော ။ ကာကာကတော့ ပလက်ဖောင်းပေါ်မှာ လက်ပိုက်ပြီး ခပ်တည်တည်ရပ်နေတဲ့ တီဇော်ကို မသိမသာ ခိုးကြည့်နေမိသည် ။ အသက်လေးဆယ်လို့ မထင်ရလောက်အောင် နုပျိုလှပတဲ့ တီဇော် ။ မနက်တုန်းက တစ်ဝက်စည်းထားတဲ့ ဆံနွယ်အခွေလေးတွေကို အခုတော့ ကုပ်ကလစ်လေးနဲ့ ခေါက်သိမ်းထားပြီ ။ ဆံနွယ်မျှင်လေးတွေက နဖူးနဲ့ လည်တိုင်တဝိုက်မှာ ကပိုကရို ဖွာရရာလေးကျလို့ ။ မိတ်ကပ်ပြယ်စ ပြုနေတဲ့ မျက်နှာလေးက ကြည့်ရတာ တမျိုးလေး လှနေပြန်သည် ။ အအေးပိုင်းမှာ အနေများပြီး အိမ်မှာရော အလုပ်မှာပါ အဲကွန်းမပြတ်ဖွင့်ထားတတ်တဲ့
တီဇော်အတွက် ရန်ကုန်မြို့ကြီးရဲ့ အပူရှိန်က နွမ်းနယ်စေမှာ အသေအချာပင် ။ ကာကာ့ကြောင့် တီဇော် ပင်ပန်းနေပြီလို့ တွေးမိတော့ ရင်ထဲမှာ လှိုက်ခနဲ ။ စိတ်ထဲမှာ တီဇော်ကို အားနာနေပေမဲ့ ဘယ်သွားသွား တီဇော့်ကို အတူပါစေချင်တဲ့ စိတ်ကိုတော့ ထိန်းမရ ။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Donde viven las historias. Descúbrelo ahora