မီးအိမ်ငယ်ရဲ့ အလင်းရှင်.14

1.9K 267 30
                                    

Unicode                
             ~~  ၁၄~~

     ကာကာ ကားရပ်ပြီးတာနဲ့ သင်တန်းခန်းရှိရာသို့ ခပ်သွက်သွက် ပြေးတက်ခဲ့သည် ။  ကားပေါ်က ဆင်းတဲ့အချိန် သူငယ်ချင်းတွေနဲ့ ဆုံမှာကို မသိစိတ်က ကြောက်နေမိသည် ။  မီးလေးကိုကြိုပို့ မလုပ်ရတော့ရင် မမရတီ အလုပ်လုပ်ချိန် ပိုရပြီး ကြီးမိတို့လည်း မပင်ပန်းတော့ဘူးပေါ့ ဆိုတဲ့တီဇော် စကားကြောင့် ကာကာ သင်တန်းကို ကားယူလာတာ ။ ဖြစ်နိုင်ရင် လိုင်းကားသာ စီးချင်သည် ။

      ''လင်္ကာ...နင့်ကိုငါ စောင့်နေကျ နေရာမှာ စောင့်နေတာ...နင်ကဒီရောက်နေပြီ...´´

     ကာကာ့ဘေးမှာ ဝင်ထိုင်ရင်း ပြောလိုက်တဲ့ ဖိုးခေါင်ကြောင့် ကာကာ ကိုယ်လေးကို မသိမသာ ကြုံ့လိုက်မိသည် ။

     ''ဟုတ်တယ် ဖိုးခေါင်...´´

     မရေမရာဖြေရင်း စာအုပ်ကိုသာ ငုံ့ကြည့်နေလိုက်သည် ။

    ''ငါ့ကိုဘာလို့မစောင့်တာလဲ...ကြီးကြီးမိတို့ လိုက်ပို့ရင် ငါစောင့်နေတဲ့ နေရာမှာ ရပ်ပေးနေကျပါ...ဘာလဲ နင့်တီဇော် လိုက်ပို့တာလား...´´

     ''မဟုတ်ပါဘူး...´´

     ''ဒါဆို လိုင်းကားနဲ့ လာတာလား...´´

    ''မဟုတ်ဘူး...´´

     ကာကာကိုယ်တိုင် ကားမောင်းပြီး လာတာလို့ ပြောဖို့ ဝန်လေးနေသည် ။ ကံကောင်းထောက်မစွာပင် တီချယ်ဝင်လာလို့ စကားသံတွေ တိတ်ကျသွားသည် ။

     ''လင်္ကာ.. ငါတို့ပြောလို့ မပြီးသေးဘူးနော်...အတန်းပြီးရင် ဆက်ပြောကြမယ်...´´

   ဖိုးခေါင်ကို ကြည့်ရတာ သူ့ကို ကာကာ စောင့်မနေတာကို နည်းနည်းမှကျေနပ်ပုံမရ ။ အေးလေ ။ သူက ကာကာ့ကို အမြဲစောင့်ပြီးမှ အတန်းထဲဝင်နေကျ ။ ခုသူ့ကိုမစောင့်ပဲ ကာကာ ကြိုရောက်နေတော့ သူ စိတ်မကောင်း ဖြစ်နေတာထင်တယ် ။  ကာကာစိတ်ရှုပ်သွားသည် ။ ဒီကိစ္စကိုသူနဲ့ ဆက်မပြောချင် ။  သင်တန်းပြီးတာနဲ့ အတန်းထဲက ချက်ခြင်းထွက်ဖို့ ဖိုးခေါင်ကို ရှောင်နိုင်သမျှရှောင်ဖို့ တွေးရင်း တီချယ် ဘာတွေသင်သွားမှန်းတောင် မသိလိုက်။ ခါတိုင်းနေ့တွေမှာ မကုန်နိုင်ဘူး ထင်ရတဲ့ အတန်းချိန်က ဒီနေ့ကျတော့ အမြန်ပြီးသွားသလိုပင် ။ အရွှေတို့ကို လှမ်းကြည့်တော့ ထွက်သွားနှင့်ကြပြီ ။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Where stories live. Discover now