Unicode
~~ ၃ ~~
ကမ္ဘာကြီး ဘယ်လောက်ကျယ်သလဲ ကာကာမသိ ။ ရန်ကုန်မြို့ကြီး တော်တော်ကျယ်တာတော့ ကာကာသိသည် ။ တစ်နေရာကနေ နောက်တစ်နေရာရောက်ဖို့မလွယ် ။ကားပေါ်မှာ တမေ့တမောအချိန်ကုန်ခဲ့ပြီး ကားပေါ်ကဆင်းတော့လည်း လူအုပ်ကြီးကြားထဲ တိုးတိုးဝှေ့ဝှေ့ ။
မနက်စာစားပြီးတော့ အပြင်သွားရအောင် တီဇော်နဲ့ လိုက်ခဲ့ဆိုတော့ မငြင်းရဲလို့ ပါလာတာ ။ ကာကာက အပြင်တွေ လျောက်သွားရတာထက် အိမ်မှာနေရတာကို ပိုကြိုက်ပါသည် ။ ခုတော့ တီဇော့်ဘေးမှာ တီဇော်သွားလေရာနောက်ကို ခပ်ကုပ်ကုပ်ကလေး လိုက်နေရပြီ ။ မြင်နေရသမျှ အရာရာက ကာကာ့အတွက် အသစ်အဆန်းတွေချည်း ။ နေသားကျနေတဲ့ ပတ်ဝန်းကျင်ရဲ့ အဝေး ၊ ဖွားဖွားနဲ့ ဖေဖေ့အရိပ်ရဲ့ အဝေး၊ မေမေ့အငွေ့အသက်တွေရဲ့ အဝေး ။
ကာကာ မရောက်ဖူးတဲ့နေရာ၊ မမြင်ဖူးတဲ့ သူစိမ်းတွေကြား လူသစ်တွေနဲ့ နေသားကျအောင် ကြိုးစားနေရတဲ့ ကာကာ့အတွက် နောက်ထပ် နေရာသစ်တစ်ခု။အိပ်မက်မက်နေတာများလား။ဒါမှမဟုတ် ကာကာက မေမေပြောပြတဲ့ နတ်သမီးပုံပြင်တွေထဲရောက်ပြီး တစ်ညတာ နတ်သမီးလေးဖြစ်နေတာလား ။ ခဏကြာရင် ခုမြင်နေရတဲ့ အရာတွေက ကာကာ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားမှာလား ။
ကြီးမားခန့်ထည်တဲ့ အဆောက်အဦးကြီးထဲက တောက်ပနေတဲ့ မီးအလင်းရောင်အောက် ၊ ခမ်းနားထည်ဝါမှုတွေကြား ၊အရောင်အသွေးစုံ အရွယ်စုံ လှုပ်ရှားသွားလာနေကြတဲ့ လူတွေကြားထဲမှာ ကာကာ့ဖြစ်တည်မှုက သေးငယ်သိမ်နုပ်နေသည် ။ တောသားမြို့ရောက်မို့ ကျီးကြည့်ကြောင်ကြည့်နဲ့ ပတ်ဝန်းကျင်မှာ မြင်လေသမျှ အရာရာကို တအံ့တသြ လိုက်ကြည့်နေမိသည်။
တီဇော်က ကာကာ့ကို ဈေးဝယ်ထွက်ကြအောင်ဆိုပြီး ခေါ်လာတာ ။ကာကာရောက်နေတဲ့ နေရာက တီဇော်ပြောတဲ့ ဈေးဝယ်ရမဲ့ နေရာပေါ့ ။ ကာကာမြင်နေရတဲ့ ဒီလူအုပ်ကြီးက ဈေးဝယ်ဖို့ လာကြတာလား။ လူများပြီး စည်ကားချက်ကတော့ ကာကာတို့ မြို့လေးရဲ့ ဘုရားပွဲတော်နဲ့ နင်လားငါလား ။ ဈေးဝယ်ထွက်လာသူတွေရဲ့ ဝတ်စားဆင်ယင်ပုံကလည်း ပွဲဈေးတန်း လမ်းလျောက်ဖို့ အသစ်လွင် အလှပဆုံး ဝတ်စားထားတဲ့ နယ်မြို့လေးက လူတွေထက် အပုံကြီး သာလေသည်။
ESTÁS LEYENDO
မီးအိမ်ငယ်ရဲ့ အလင်းရှင်
Romanceမှောင်နေတဲ့ မီးအိမ်ကလေးကို သူမက အလင်းတွေ ထွန်းညှိပေးခဲ့တာ မီးအိမ်ရှင်ကလေး အမှောင်ထဲရောက်နေတဲ့အခါ မီးအိမ်ကလေးက လမ်းပြခေါ်ဆောင်ခွင့်ပြုပါ အလင်းမရှိတဲ့ မီးအိမ်နဲ့ မီးအိမ်မရှိတဲ့ အလင်းဟာ သီးခြားစီ ရပ်တည်ဖို့ ခက်ပါတယ် ခင်ဇော်ပျို သွန်းအလင်္က...