မီးအိမ်ငယ်ရဲ့ အလင်းရှင် 17(2)

593 85 25
                                    

        ~~၁၇ (၂) ~~

        ''ကျွန်တော် စကားခဏ ပြောလို့ရမလား အန်တီဇော်...´´

   အနားလာရပ်တဲ့ ဖိုးခေါင်ကိုကြည့်ပြီး ဇော် အတန်ငယ် အံ့သြသွားသည် ။ ကောင်လေးမျက်နှာက ခပ်တည်တည် ။ ဇော် သူ့ကို စတွေ့ကတည်းက တော်တော်လေး ရင်းနှီးသလို ခံစားရပေမဲ့ ဘယ်နေရာမှာ တွေ့ဖူးသလဲ စဥ်းစားလို့ကိုမရ ။

      ''ဘာပြောချင်လို့လဲ ဖိုးခေါင်...လာ အန်တီတို့ အရိပ်ရတဲ့တစ်နေရာမှာ ထိုင်ကြရအောင်...´´

    အရိပ်ကောင်းတဲ့ တစ်နေရာမှာ ထိုင်ပြီး ခဏကြာတဲ့အထိ သူ့ဆီက ဘာအသံမှ ထွက်မလာ ။ ဇော်ကလည်း စကားစမပေးမိ ။ အတန်ကြာတဲ့အထိ ဇော်တို့ကြားမှာ တိတ်ဆိတ်နေသည် ။ တိုက်ကားကွင်းက အော်သံတွေသာ ပတ်ဝန်းကျင်မှာ လွင့်ပြန့်နေသည် ။ အတန်ကြာမှ သူစကားစသည် ။

      ''ကျွန်တော် အန်တီဇော်ကို တောင်းဆိုချင်တာ ရှိလို့ပါ...´´

     သူ့အသံက တုန့်ဆိုင်းဆိုင်း ။ ဇော် သူ့မျက်နှာကို ငဲ့ကြည့်လိုက်သည် ။ ဘေးတိုက်ထိုင်နေတဲ့ အနေအထားမို့ သူက ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်နေသည်။ အတန်ငယ် နေရခက်နေဟန်က သူ့မျက်နှာမှာ ထင်ထင်ရှားရှား ။

     ''မင်းနဲ့ အန်တီက ခုမှသေချာတွေ့ဖူးတာနော် ဖိုးခေါင်...သူစိမ်းတစ်ယောက်ဆီမှာ မင်းက ဘာတွေများ တောင်းဆိုချင်တာလဲ...´´

      ''အန်တီနဲ့ ကျွန်တော်က သူစိမ်းတွေ ဆိုပေမဲ့ လင်္ကာနဲ့ ကျွန်တော်က သူငယ်ချင်းတွေပါ ...ကျွန်တော့် သူငယ်ချင်းအတွက် ကျွန်တော် တောင်းဆိုမှာပါ...´´

     ဇော့်မျက်ခုံးတို့ ဖျတ်ခနဲ ပင့်တက်သွားသည် ။ ထိတ်ခနဲ ဖြစ်ချင်တဲ့စိတ်ကို ချက်ခြင်းထိန်းလိုက်ရသည် ။

      ''ပြောကြည့်ပါဦး ဖိုးခေါင်...မင်းသူငယ်ချင်းက ဘာတွေလိုအပ်နေလို့ သူ့ကိုယ်စား မင်း ဘာတွေများ တောင်းဆိုပေးမလဲ နားထောင်ကြည့်ရအောင်...´´

      သူက ဇော့်မျက်နှာကို ဖျတ်ခနဲ တစ်ချက်ကြည့်ပြီးချက်ခြင်း အကြည့်လွဲသွားသည် ။ ဇော်နဲ့ မျက်လုံးချင်း အဆုံမခံ ။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Donde viven las historias. Descúbrelo ahora