မီးအိမ်ငယ်ရဲ့အလင်းရှင်.2

2.1K 242 32
                                    

    အလင်းရှင်  ~~၂ ~~

  ပြတင်းပေါက်က တိုးဝင်ပြီး မျက်နှာပေါ်မှာ လာရောက်ကလူကြည်စယ်နေတဲ့ နေရောင်ခြည်တန်းလေးရဲ့ အနွေးဓာတ်နဲ့ အလင်း‌ရောင်ကြောင့် ဇော် နိုးထလာရသည် ။ မျက်ဝန်းကို ကမန်းကတန်းဖွင့်ကြည့်တော့ အခန်းထဲမှာ လင်းထိန်နေပြီ ။

      အိုး ။ ဇော် အချိန်အကြာကြီး အိပ်ပစ်လိုက်တာပဲ ။ နေမြင့်မှ နိုးထတဲ့ နံနက်ခင်းတွေဆိုတာ ဇော့်နေ့ရက်တွေရဲ့ ရှားပါးဖြစ်စဥ်တစ်ခုပင် ။ကိုယ့်အိမ်မှာဆိုတဲ့အသိက လုံခြုံစိတ်ချစွာဖြင့်  နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းကို ယူဆောင်လာပေးသလား ။ တစ်ညလုံး ဖိအိပ်ထားလို့ ညောင်းညာနေတဲ့ ခြေလက်တို့ကို ဆန့်ထုတ်အညောင်းဖြေ‌ရင်း ဇော့် အာရုံထဲ ပထမဆုံး ဝင်လာတာက သွန်းအလင်္ကာ ဆိုတဲ့ ကလေးမ ။ လူကို မြင်ဖူး‌တာ မကြာသေးပေမဲ့ ပိုးပိုးသမီးဆိုတဲ့ အတွေးကြောင့် စိတ်ထဲက ရင်းနှီးနေသည်။

      ပိုးပိုး ။ ပိုးသားဖြူ ။သွန်းအလင်္ကာလေးရဲ့မေမေ ။ ဇော့် ငယ်သူငယ်ချင်းလေး ။ဇော့်အနွံအတာခံလွန်းသူ ။ဇော့်မိသားစုထက် ဇော်နဲ့ပိုရင်းနှီးသူ ။ ခင်ဇော်ပျိုရဲ့ ဘေးကနေရာက ပိုးသားဖြူရဲ့ အပိုင်နော်လို့ပြောပြီး ဇော့်အနားက မခွာတတ်သူ ။ ပိုးပိုးလို့ စိတ်ထဲက ရေရွတ်မိရုံနဲ့ ဇော့်ရဲ့ တည်တင်းတင်းမျက်နှာပေါ်မှာ အပြုံးတွေ ဖြစ်ထွန်းစေသူ ။ သွေးသားမတော်စပ်ပေမဲ့ ဇော့်ညီမအရင်းလို ချစ်ရသူ။

      * ငါ့သမီးလေးကို နင်နဲ့ပဲ စိတ်ချတယ် ဇော် ၊နင့်လက်ထဲပဲ ထည့်ခဲ့ချင်တာ ဒါပေမဲ့ ငါ နင့်ကို အားနာတယ်ဟာ *
   ဆိုတဲ့ စကားတစ်ခွန်းကို မကြာခဏ ကြားယောင်ပြီး သူ့ဆန္ဒကို ဖြည့်ဆည်းပေးချင်ခဲ့သည် ။ အခုတော့ အရာအားလုံးကို အတိုက်အခံပြုပြီး ပိုးပိုးသမီးလေးကို ဇော့်အနားရောက်အောင် ခေါ်လာခဲ့ပြီ ။

* မှေးမှိန်နေတဲ့ ကလေးရဲ့ အနာဂတ်ကို တောက်ပလာအောင် အရောင်တင်ပေးနော် ဇော် ။ နင်လုပ်နိုင်မယ်လို့ ငါယုံကြည်ပါတယ်ဟာ * ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့ အသံကို ပြန်ကြားယောင်တိုင်း ဇော် ပြုံးမိမြဲ ။ တစ်ယောက်က ဇော့်ကိုအားကိုးပြီး တစ်ယောက်ကလည်း ဇော့်ကိုမှယုံကြည်သတဲ့ ။ နှစ်ယောက်က အမြဲ အတိုင်အဖောက် ညီကြတာ ။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Où les histoires vivent. Découvrez maintenant