စက်ခြေခုံကိုစည်းချက်ကျကျနင်းရင်း ဝေ့ဆင်းလာတဲ့ဆံနွယ်အလိမ်လေးတွေကို လေနဲ့အသာမှုတ်လို့ ဖြေရှင်းနေရတယ် ။ မြို့တော်ဝန်ရဲ့ စက်ချုပ်ဆရာအဖြစ်တရားဝင်အလုပ်စလုပ်ရပြီဆိုတော့ဖြစ်သလိုနေလို့မရတော့ဘူးလို့သူတွေးခဲ့မိတာ ။ ယခင်မြို့တော်ဝန်ဆိုရင် အပ််ချုပ်ဆောင်သီးသန့်ရှိတယ်လို့သူမှတ်သားဖူးတယ် ။ ယခုတော့ စက်ချုပ်ခန်းထဲသူတစ်ယောက်ကလွဲပြီး ကြွက်တစ်ကောင်ကြောင်တစ်မြီးမျှမတွေ့ရ ။ သူချုပ်ပေးရမဲ့ ဖောက်သည်တော်ကြီးတောင်ရှိမနေဘူးလေ ။ ဘာချုပ်ရမယ် ၊ ဘာလိုချင်တယ်ဆိုတာလည်းပြောမသွားတာမို့ ရိုးရှင်းတဲ့ချည်သားဘောင်းဘီလေးတစ်ထည်သာသူချုပ်နေလိုက်တယ် ။ နွေဦးဝင်လာပြီမို့ နွေဦးမှာဝတ်ဆင်လို့ကောင်းမဲ့ ပုံစံလေးပဲသူချုပ်ဖြစ်တယ် ။
ဘောင်းဘီချုပ်ရိုးကြောင်းကိုမယိုင်စေချင်တာမို့ ဆံပင်တွေရဲ့ပွတ်သပ်ကျီဆယ်မှုကိုသူတော်တော်လေးသည်းခံနေရတာပါပဲ ။
"ပြီးရင်မင်းတို့နဲ့တွေ့မယ် "
ဆံပင်ကိုပါးစပ်ကလေနဲ့ထပ်မှုတ်လိုက်ရင်း သူရန်တွေ့တယ် ။ ရယ်သံခပ်တိုးတိုးဟာသူ့နောက်ပါးမှထွက်လာပြီး ချွေးစို့နေခဲ့တဲ့ဂုတ်သားပြင်မှာလေအေးအေးလေးတွေတိုးလာပါတယ် ။
ဆံပင်လှန်တင်ဖို့တောင်မရပ်မိခဲ့တဲ့အထိသူချုပ်ရိုးကြောင်းကိုဂရုစိုက်နေခဲ့တာ ။ ယခုတော့
ချုပ်လက်စချုပ်ကြောင်းဟာချည်လွဲသွားရပြီ ။ မြို့တော်ဝန်က ဂုတ်ထောက်နေတဲ့သူ့ဆံနွယ်တွေကို လက်နဲ့အသာစုကိုင်ပြီး လှန်တင်ပေးထားတာဖြစ်တယ် ။"မြို့...မြို့တော်ဝန် "
"ခေါင်းစည်းကွင်းရှိလား "
သူတုန်တုန်ရီရီနဲ့ခေါင်းခါပြလိုက်တယ် ။ ဆံပင်ဆောင့်ဆွဲပစ်မယ်ထင်လို့သူလန့်သွားခဲ့တာ ။
စတွေ့စဥ်ထဲက အကြမ်းပတမ်းခြိမ်းခြောက်ခဲ့တော့မြို့တော်ဝန်ထူးထူးဆန်းဆန်းလုပ်တိုင်းသူထိတ်လန့်မိတာပါပဲ ။မြို့တော်ဝန်က ဆံပင်ကိုစုကိုင်ထားရင်းနဲ့ပဲရှောင်းကျန့် ဖြတ်တောက်ထားတဲ့ ပိတ်စပိုင်းလေးကိုယူသွားတယ် ။
