[Unicode]
အတန်းထဲ ရောက်သည်အထိ ကျွန်မ သူမ အကြောင်းပဲတွေးနေမိသည်။ ထို့ကြောင့် မုန့်စားဆင်းချိန် မြန်မြန်ရောက်ဖို့သာ ဆုတောင်းနေမိ၏။
လူ အယောက် ခြောက်ဆယ်ကျော် ရှိသည့် အခန်းထဲတွင် ကျွန်မတစ်ယောက်တည်း အထီးကျန်စွာဖြင့် သူငယ်ချင်းမရှိဘဲ နေရသည်မှာ သိပ်ကို ပင်ပန်းလွန်းလှပါသည်။ ကျယ်လောင်လှသည့် စကားသံများကြားထဲတွင် တစ်ယောက်တည်း နစ်မြုပ်နေသလို ခံစားရမိ၏။
ထို့ကြောင့်ပင် စာသင်ချိန် ဒုတိယမြောက်အချိန်၌ အိမ်သာဘက်သို့ ကျွန်မတစ်ယောက်တည်း ထွက်လာခဲ့သည်။ အိမ်သာနား အရောက်တွင်တော့ သူမ ရှိနေကျ ကွန်ပျူတာခန်းဘက်ကို လှမ်းကြည့်မိသည်။ စိတ်မထိန်းနိုင်ဘဲ အလိုလို ငေးကြည့်မိပြီးသည့် နောက်တွင်တော့ သူမကို တွေ့လိုတွေ့ငြား အနည်းငယ် ဟထားသည့် တံခါးကြားထဲမှ ရှာနေမိ၏။
သူမအား ကျွန်မ ဝိုးတိုးဝါးတား လှမ်းမြင်လိုက်ရပါသည်။ အရင်တုန်းက အမြဲတမ်း အခန်းအပြင်ဖက်ကို မျက်နှာမူကာ ထိုင်တတ်သည့် သူမက အခု ကျောပေးထားပါသည်။ သေချာ လှမ်းကြည့်ချင်ပါသော်လည်း သူမ စိတ်အနှောင့်အယှက်ဖြစ်သွားမှာ ကျွန်မ စိုးရိမ်လွန်းလှသည်။ ထို့ကြောင့်ပင် မြန်ဆန်စွာ အကြည့်လွှဲလိုက်ကာ အိမ်သာသို့သာ ဦးတည်သွားခဲ့သည်။
✧
အိမ်သာမှ ပြန်လာကာ အပေါ်ပြန်တက်ရန် ပြင်နေစဉ် လူတစ်ယောက်က ကျွန်မကို လှမ်းခေါ်ကာ အနောက်မှ သိုင်းဖက်လိုက်ပါသည်။
"ဟိတ်..."
"အမလေး...လန့်လိုက်တာ"
ကျွန်မ ထိတ်လန့်တကြား အော်လိုက်မိပါသည်။ ကျွန်မ လှည့်ကြည့်မှ သူက ဟိုဘက် လှည့်သွားသဖြင့် ဘယ်သူမှန်း မသိရပါ။
"ဘယ်သူလဲ"
သူက ကျွန်မဘက်သို့ ဖြည်းညင်းစွာ လှည့်လာသည့်အခါတွင်တော့ ကျွန်မ သူ့ကို မှတ်မိသွားပါသည်။
"ဟဲ့...နင် ငါ့တောင် မမှတ်မိတော့ဘူးလား"
"ဟင်...ဖြူဖြူနွယ်"
ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်မှာ ငါးတန်းမှ ကိုးတန်းအထိ တောက်လျှောက် အတန်းတူလာပြီး ဆယ်တန်းရောက်မှ အတန်းကွဲသွားကြသည်။ ကိုးတန်းနောက်ဆုံးနေ့ကတည်းက ခွဲခွာခဲ့ရပြီး အခု ပြန်တွေ့တော့လည်း အတန်းမတူတော့ပါ။
YOU ARE READING
သူမ