[Unicode]
အတန်းထဲသို့ ပြန်ရောက်သော်လည်း အဖော်မရှိသည့် ကျွန်မမှာ ငူငူငိုင်ငိုင် ဖြစ်နေ၏။ ဆရာမများကလည်း အချိန်ပြည့် စာဝင်သင်သည် မဟုတ်ပေ။ ဆယ်တန်းဆိုသည့် အကြောင်းပြချက်နှင့် တစ်ခန်းလုံး လွတ်လပ်ရေးရနေကြသလိုပင်။ တစ်ယောက်နှင့်တစ်ယောက် အော်ကြီးဟစ်ကျယ် စကား လှမ်းပြောနေကြသည့် အသံများ၊ အုပ်စုလိုက် ရယ်မောသံများနှင့် ပြေးလွှားဆော့ကစားနေကြသော ယောက်ျားလေးအချို့၏ အသံတို့က ကျွန်မကို အတန်းထဲမှ ထွက်ပြေးချင်စိတ်ပေါက်အောင် လုပ်နေသည်။
အတန်းထဲမှ ပြေးထွက်ပြီး ကိုးတန်းတုန်းကလို ကွန်ပျူတာခန်းထဲတွင်သာ စာသင်ချိန်နှစ်ချိန်လောက် သွားထိုင်နေချင်မိသည်။ စာသင်ခန်းထဲတွင် ကုန်တာ ကြာသည်ဟု ထင်ရသော အချိန်က ကွန်ပျူတာခန်းထဲ ရောက်လျှင်ဖြင့် ဘယ်လို ကုန်သွားမှန်းပင် မသိပါ။
သို့သော် ထိုအရာများဟာ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သည်။ အခုဆိုလျှင် ကွန်ပျူတာခန်းထဲတွင် စာသင်ချိန်နှစ်ချိန်မျှ သွားထိုင်ဖို့ မဆိုထားနှင့်၊ အခန်းတံခါးနားပင် ကပ်မရတော့ပါ။ ထို့ကြောင့်ပင် စိတ်ပိုင်းဖြတ်ပြီး ကျွန်မရှေ့တွင် Bio ဖတ်စာအုပ်ကြီးချထားကာ စာကျက်နေလိုက်သည်။
စာကျက်သည် ဆိုသော်လည်း ကျွန်မ၏ စိတ်ဝိညာဥ်မှာ ကွန်ပျူတာခန်းနားမှာသာ တဝဲလည်လည် ဖြစ်နေပြန်သည်။ ဖတ်စာအုပ်ကြီး ရှေ့ချထားပြီး သူမကိုသာ မြင်ယောင်နေရသည်မှာ သိပ်တော့ အဆင်မပြေလှပါ။
သူမ ကွန်ပျူတာခန်းထဲမှာ ထိုင်ကာ စာရေးနေသည့်အခါ ကျွန်မကို မော့မကြည့်ဘဲ စကားပြောတတ်ပုံ၊ သူမ၏ လက်ရေးဝိုင်းဝိုင်းလေးများ၊ သူမ၏ ဘယ်ဘက်မျက်ဝန်းဘေး၌ ရှိသည့်မှဲ့နက်လေး၊ မျက်နှာပေါ်ကို ဝဲကျနေတတ်သော သူမ၏ ခပ်ပွပွယောင်းယောင်း ဆံနွယ်လေးများ၊ သူမအနားသို့ ရောက်တိုင်း အမြဲတမ်း ရနေကျ ရေမွှေးနံ့သင်းသင်းလေး စသည်ဖြင့် သူမနှင့် ပတ်သတ်သည့် အရာအားလုံးကို လွမ်းမိပါသည်။
သူမနှင့် ပတ်သက်သမျှ အမှတ်တရများကို တွေးလိုက်သည့် အခါတိုင်း ကျွန်မရင်ထဲတွင် ပူလောင်လာရသည်။ မျက်ဝန်းများဟာလည်း စိုစွတ်လာသည်။ သူမကို သိပ်သတိရမိပါသည်။ သို့သော် ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဘယ်သူ့မှ ဖွင့်မပြောနိုင်ဘဲ မျိုသိပ်နေရသည်မှာလည်း ပင်ပန်းလှသည်။
YOU ARE READING
သူမ