[Unicode]
ဒီနေ့လည်း ကျွန်မ ကျောင်းနောက်ကျနေပြန်ပါပြီ။ သူငယ်တန်းကနေ ကိုးတန်းအထိ တစ်ခါမှ ကျောင်းမနောက်ကျဖူးသော ကျွန်မ အခုတလောမှ ဘယ်လိုတွေ ဖြစ်နေမှန်း မသိတော့ပါ။ ကားကလည်း မတရား ပိတ်နေသဖြင့် ကျောင်းနှင့် လှမ်းသေးသော်လည်း ကားပေါ်မှ ဆင်းကာ မပြေးရုံတမယ် ခပ်သွက်သွက် လျှောက်လာခဲ့ရသည်။
ကျောင်းထဲ ရောက်သည်နှင့် ကျွန်မ အမြန်ပြေးကာ ဆယ်တန်းဆောင်သို့ သွားဖို့ လုပ်နေစဥ်မှာပင် သူမအား တွေ့လိုက်ရပြန်သဖြင့် ကျွန်မ တော်တော်လေး စိတ်ညစ်သွားမိပါသည်။ ခိုင်သဇင်နွယ်တို့ ကံကောင်းချက်ကတော့ နှစ်ရက်လေး ကျောင်းလာရသည်ကို နှစ်ရက်လုံး သူမနှင့် တွေ့သည်။ မတွေ့ချင်ပါဘူး ဆိုကာမှ ကျောင်းဝင်းထဲ ဝင်သည်နှင့် သူမအား တွေ့ရအောင် ဖန်တီးပေးသော ကံကြမ္မာကိုဖြင့် ကျွန်မ လက်ဖျားခါရပါသည်။
သူမကို တွေ့သည်နှင့် ကျွန်မကိုယ်ကျွန်မ ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိပါ။ ထိုသို့ စိတ်ညှို့ခံထားရသော အရူးတစ်ယောက်လို ဖြစ်နေပုံမှာ စိတ်ပျက်ဖို့ကောင်းလှသည်။ အတတ်နိုင်ဆုံး ကျွန်မ၏ ခံစားချက်များကို မျက်နှာတွင် မပေါ်အောင် ထိန်းထားသော်လည်း ခန္ဓာကိုယ်ကိုတော့ ထိန်းချုပ်နိုင်စွမ်းမရှိပါ။ ကျောင်းနောက်ကျ၍ အပြေးအလွှား လာရသည့် ကျွန်မဟာ သူမကို တွေ့တော့လည်း ရပ်ကြည့်နေမိပြန်ပါသည်။ ခဏအကြာ ကျွန်မ သတိ ပြန်ကပ်လာပြီးမှသာ ကျွန်မကို သူမ မြင်သွားလျှင် ဆိုသည့် စိုးရိမ်စိတ်ဟာ ကျွန်မစိတ်ထဲ၌ ရုတ်ချည်း ကြီးစိုးလာပါသည်။ ထိုအခါမှ သူမအား ကျွန်မ မျက်နှာလွှဲလိုက်ရသည်။
အဆောင်ပေါ် တက်ရမည့် လှေကား၏ ထိပ်မှာ ရပ်နေသော သူမကြောင့် မည်သို့ ဆက်လုပ်ရမည်ကို ကျွန်မ စဥ်းစားရကျပ်နေမိသည်။ သူမကတော့ ကျွန်မကို တကယ် မမြင်သည်လား၊ မမြင်ချင်ယောင်ဆောင်နေသည်ပဲလား မသိပါ၊ သူမ ဘေးနားတွင် ရှိသည့် ဆရာမနှင့်သာ ရယ်မောပြီး စကားပြောနေသည်။
ကျွန်မမှာတော့ သူမရှေ့က ဘယ်လို ဖြတ်လျှောက်ရမလဲဟု တစ်ယောက်တည်း အတွေးများနှင့် ဗျာများနေရပါသည်။ ထိုအတွေးများကို ကျွန်မနှုတ်ကပင် ရေရွတ်နေမိ၏။ ကျွန်မပုံကို ကြည့်ပြီး ဒေါ်ကေသီခင်တစ်ယောက်တော့ လှောင်ရယ်နေမည် ထင်သည်။ ရယ်လျှင်လည်း မတတ်နိုင်ပါ။
YOU ARE READING
သူမ