[Unicode]
ကျွန်မအတွက်တော့ ခြောက်တန်းက နေ့ရက်များဟာ ပျော်စရာအကောင်းဆုံး ဖြစ်ခဲ့သည်။ ကျွန်မ ခံစားခဲ့ရသော သဝန်တိုမှုများ၊ မနာလိုစိတ်များ၊ ကြေကွဲဝမ်းနည်းရခြင်းများအပြင် အရှက်ကွဲမှုများဟာလည်း သူမကို ချစ်သည့် အချစ်များနှင့် ယှဥ်လိုက်လျှင်တော့ အသေးအမွှား ဖြစ်သွား၏။ အထူးသဖြင့် တစ်ပတ်တာ၊ ခုနစ်ရက် ရှိသည့်အနက် စနေ့နေ့ကို အနှစ်သက်ဆုံး ဖြစ်လာခဲ့သည်။
✧
ဒီနေ့ ကျွန်မစိတ်တွေ ဂယောက်ဂယက် ဖြစ်နေပါသည်။ သင်္ချာ သင်နေသော်လည်း စိတ်က မြန်မာစာဆရာမဆီကိုသာ ရောက်နေ၏။
နာရီ တကြည့်ကြည့်နှင့် ၉ နာရီ ထိုးဖို့သာ မျှော်နေမိသည်။ ၉ နာရီ ထိုးခါနီး လာလေလေ၊ ကျွန်မ၏ စိတ်မှာလည်း ပို၍ လှုပ်ရှားလေလေ ဖြစ်နေ၏။ သင်္ချာဆရာမ ထွက်သွားမှသာ ကျွန်မ သက်ပြင်းချနိုင်ပါသည်။
ချက်ချင်းပင် မြန်မာစာ စာအုပ်တွေ အကုန်ထုတ်ထားကာ သူမကို အဆင်သင့် စောင့်နေမိသည်။ တံခါးခေါက်သံ ကြားသည်နှင့် ကျွန်မ အပြေးအလွှား၊ အလုအယက်ပင် တံခါး သွားဖွင့်လိုက်၏။ ယောက်ျားလေးတွေမှာတော့ ကျွန်မ အသည်းအသန်ဖြစ်နေပုံကို ကြည့်ကာ အံ့သြနေကြပါသည်။
ကျွန်မ တံခါးဖွင့်ဖွင့်လိုက်ချင်းပင် သူမကို ငေးကြည့်မိပြန်ပါသည်။ သူမကို မြင်လိုက်တိုင်း အမျိုးအမည်မသိသော ခံစားမှုမျိုးကို ခံစားရသည်။ ရင်ထဲတွင် အရမ်း ပူလောင်လာသလို တစ်ချိန်တည်းမှာပင် လက်ဖျားခြေဖျားတွေလည်း အေးစက်လာသည်။
ဒီတစ်ခါတွင်တော့ သူမ ပြောသည်အထိ စောင့်မနေတော့ဘဲ မြန်မြန်သွက်သွက် လမ်းဖယ်ပေးလိုက်ကာ ကိုယ့်ခုံမှာကိုယ် ပြန်ထိုင်လိုက်ပြီး သူမကို ခေါင်းအစခြေအဆုံး ကြည့်နေမိသည်။
အရင်တစ်ပတ်ကလိုပင် ဆံပင်ကို ငါးမြီးရိုးကျစ်ဆံမြီး ကျစ်ထားသည်။ ကြည့်ရတာ ထိုဆံပင်ပုံစံကို သူမ တော်တော် သဘောကျပုံရပါသည်။ သူမ၏ မူပိုင်ဆံပင်ပုံစံလို့ပင် ပြော၍ ရလောက်သည်။ ထို့ပြင် လိမ္မော်ရောင် အောက်ခံ၌ အစိမ်းရောင် ကျားသစ်ကွက်အဆင် ရင်ဖုံးလက်ရှည်နှင့် လုံချည် ဝမ်းဆက်ကို ဝတ်ဆင်ထားသည်။
YOU ARE READING
သူမ