[Unicode]
ဖြူစွတ်နေသော အလင်းရောင် နှင့် တိမ်ကဲ့သို့ မြူခိုးမှုန် တို့က ကျွန်မ၏ အမြင်အာရုံကို ကောင်းစွာ အလုပ်မလုပ်အောင် ကာဆီးထားလေသည်။ ကျွန််မ ထိုအလင်းရောင်နောက်ကို လိုက်ရင်း လိုက်ရင်းမှ အမျိုးသမီးတစ်ယောက်ကို ခပ်ရေးရေး မြင်လာရသည်။ ဂါဝန်ဟု ထင်ရသည့် သူမ၏ ပါးလွှလွှ အဖြူရောင် အင်္ကျီစကလည်း လေထဲတွင် လွင့်ပျံနေသည်။
ကျွန်မက သူမကို မီအောင် လိုက်ဖို့ လုပ်လိုက်၊ သူမ၏ ခြေလှမ်းတွေက ပိုမြန်သွားလိုက် ဖြစ်နေကြသည်။ နောက်တော့ ကျွန်မ ပိုပြီး ခပ်သွက်သွက် လျှောက်လိုက်သည်။
အင်္ကျီစခံနေသည့် သူမ၏ လက်မောင်းကို ကျွန်မ ကိုင်ဆွဲမိသွားသည်။ ချက်ချင်းပင် သူမက လှည့်ကြည့်လာသည်။
ဒေါ်ကေသီခင်။ ဒေါ်ကေသီခင့် မျက်ဝန်းတွေက မျက်ရည်စတို့နှင့် နီရဲနေသည်။ သူမက ထိုမျက်ဝန်းတွေနှင့် ကျွန်မကို နာနာကြည်းကြည်း ကြည့်နေလေသည်။
ကျွန်မ ကြောက်ပြီး သူမအား ကိုင်ထားသည့် လက်ကို လွှတ်ချလိုက်သည်။ ကျွန်မတစ်ကိုယ်လုံးကလည်း တုန်ရီလို့နေသည်။
"ငါနင့်ကို အရမ်းမုန်းတယ်"
ကျွန်မရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ အသည်းအသန် မျက်လုံး ဖွင့်ရသည်။ တစ်ကိုယ်လုံးလည်း ချွေးတွေနှင့် ရွှဲနစ်နေလေ၏။
အခုတလော ကျွန်မ အိပ်မပျော်တာ ရက်ဆက်နီးပါး ရှိပြီ။ မတတ်သာ၍ ၁၁ နာရီဆိုလျှင် ပုံမှန် အိပ်ရာဝင်နေရသော်လည်း ည ၁ နာရီလောက်အထိ အိပ်ရာထဲတွင် လူးလိမ့်နေရသည်ကသာ များ၏။ အဲဒီလိုနေ့မျိုးတွေဆိုလျှင် အိပ်ပျော်သွားသည့်တိုင် ထိုကဲ့သို့ အိပ်မက်ဆိုးတွေနှင့်သာ နိုးထလာရတတ်လေသည်။ ဒီလို အိပ်မက်မျိုး မက်သည်မှာလည်း တစ်ပတ်ထဲမှာတင် သုံးကြိမ်လောက်တောင် ရှိပြီ။
မေမေက ရေဒီယို ဖွင့်လိုက်ပုံ ရသည်။ သီချင်းသံကို အိပ်ရာထဲမှပင် တော်တော်လေး ကျယ်ကျယ်လောင်လောင် ကြားနေရသည်။ နောက်မှသာ အသံနည်းနည်း ပြန်တိုးလိုက်သည်။ သို့သော် ကျွန်မ၏ အကြားအာရုံကတော့ ယုံမှားသံသယ ဖြစ်စရာမလိုအောင်ကို ကောင်းနေသည်။
YOU ARE READING
သူမ