[Unicode]
ကျွန်မ သူမအပေါ် အရူးအမူးဖြစ်နေသည်မှာ မနေ့တစ်နေ့ကမှ မဟုတ်ပါ။ လွန်ခဲ့သည့် လေးနှစ်ကျော်ကတည်းကပင် ဖြစ်သည်။
အတိအကျပြောရလျှင် ခြောက်တန်းတက်ရန် တစ်လခန့်သာ အလို၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျူရှင်၌ ပထမဆုံး တွေ့ခဲ့သည့်နေ့မှ စသည်ဟု ဆိုရမည်။
ထိုအချိန်မှစ၍ သူမကို ချစ်မိနေပါသည်ဟု မဆိုသာသော်လည်း ခံစားချက်များ အစပျိုးနေခဲ့သည်မှာတော့ အမှန်ပင် ဖြစ်သည်။
✧
ကျူရှင်တက်ခြင်း သုံးရက်မြောက်သည့် နေ့လည်း ဖြစ်သည့်အပြင် သူမနှင့် ပထမဆုံးအကြိမ် တွေ့ရမည့်နေ့ လည်း ဖြစ်သည်။ မနက် ၇ နာရီခွဲမှ ၉ နာရီထိ အင်္ဂလိပ်စာသင်ပြီးနောက်တွင် ၉ နာရီမှာ သူမအချိန် ဖြစ်၏။
အမှန်ဆိုလျှင် စနေနေ့ကတည်းက သူမနှင့် တွေ့ရမည်ဖြစ်သော်လည်း ကျွန်မ၏ အတန်းပိုင်ဆရာမဖြစ်သော သမိုင်းဆရာမနှင့် အချိန်လဲထားသောကြောင့် တနင်္ဂနွေနေ့မှသာ သူမနှင့် ပထမဆုံးအကြိမ် တွေ့ရလေသည်။
၉ နာရီထိုးပြီး မကြာမီမှာပင် သူမ ရောက်လာသည်။ ကျွန်မတို့ကျူရှင်မှာ ဝိုင်းရှင်က စောင့်မနေသည့်အပြင် တိုက်ခန်းဖြစ်သည့်အတွက် ဆရာမလာလျှင် ကျွန်မတို့ကိုယ်တိုင်သာ တံခါးထဖွင့်ပေးရသည်။
သူမ လာသည်နှင့် ပုံမှန်အတိုင်း နောက်ဆုံးတန်း အစွန်ဆုံးတွင် ထိုင်သည့် ကျွန်မပင် တံခါးထဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်ချိန်တွင်တော့ မြင်မြင်ချင်းပင် ကျွန်မ သူမအား ငေးကြည့်နေမိသည်။
"သမီး တီချယ့်ကို ပေးမဝင်တော့ဘူးလား"
ကျွန်မ တံခါးရှေ့မှာ ပိတ်ရပ်နေခြင်းကြောင့် သူမက မေးလိုက်ခြင်း ဖြစ်သည်။ သူမ၏ အသံက လူ၏ အသိစိတ်ကို ညှို့ယူသွားနိုင်သည်။ ခပ်စူးစူးရှရှဖြစ်ပြီး မမာသော်လည်း သြဇာရှိသည့်အသံဟု ဆိုရမည်ထင်သည်။
"ဟာ...တီချယ်၊ တောင်းပန်ပါတယ်"
ခိုင်သဇင်နွယ်တို့ကတော့ စစချင်းနေ့မှာပင် အလွဲလွဲအချော်ချော်နှင့် ဖြစ်သည်။ ကျွန်မ လမ်းဖယ်ပေးလိုက်ကာ တံခါးပိတ်ရင်း သူမကို လှမ်းကြည့်နေမိပါသည်။ သူမ၏ နွဲ့နွဲ့နှောင်းနှောင်း လမ်းလျှောက်ပုံဟာ သူတကာနှင့်မတူ တစ်မူထူးနေသည်။ သူမသည် တွေ့တွေ့ချင်းမှာပင် ကျွန်မ၏ စိတ်အာရုံကို ဖမ်းစားသွားပါသည်။
YOU ARE READING
သူမ