[Unicode]
ကျောင်းဆင်းချိန်၌ ကျွန်မနှင့်ဖြူတို့ နှစ်ယောက်သား စကားတပြောပြောနှင့် လမ်းလျှောက်လာကြသည်။ အများသွားကြသည့် လမ်းမှ ခွဲထွက်ကာ ကျွန်မတို့နှစ်ယောက်တည်း ဒီဘက်ကို လာခဲ့ကြသောကြောင့် တစ်လမ်းလုံး လူရှင်းကာ တိတ်ဆိတ်နေပါသည်။
"ဖြေနိုင်လား"
"မဆိုးပါဘူး"
ဒီစကားက ကျွန်မလက်စွဲတောင် ဖြစ်နေပြီ ထင်ပါသည်။ အရာအားလုံးကို အမှန်အတိုင်း မပြောမိအောင် အချိန်နှင့်လူတွေက ကျွန်မကို သင်ပေးသွားခဲ့၏။
"Chemistry ရော ရပြီလား"
"မရပါဘူးဟယ်"
ကျွန်မတို့နှစ်ယောက်လုံး၏ ခြေလှမ်းတွေက ပုံမှန်ထက် မြန်ဆန်နေကြပါသည်။ မုန့်ဈေးတန်းကနေ ခန်းမရှေ့ကို ခဏလေးနှင့် ရောက်သွား၏။
"မနေ့က နင် မေးခွန်းရလာတယ်မလား"
"ဟဲ့...ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါက Bio ဆရာမကို စာသွားမေးတာ"
ဖြူ့ပုံကြည့်ရတာ ကျွန်မပြောသည့်စကားကို အာရုံမရနေပါ။ အဲဒီအကြောင်းရင်းကို ကျွန်မ မကြာခင်ပဲ သိလိုက်ရ၏။
"ဟိုမှာ ဒေါ်ကေသီခင်မလား"
ကျွန်မပင် မပြောရသေးခင်၊ ဖြူက အရင်ဦးသွားပါသည်။ လျှောက်လမ်းတစ်ခုလုံးမှာ ဒေါ်ကေသီခင်၊ ဖြူ နှင့် ကျွန်မသာ ရှိနေ၏။ ကျွန်မကသာ တုံ့ဆိုင်းစွာနှင့် ခြေလှမ်းတို့ကို ရပ်လိုက်သော်လည်း သူမက ပုံမှန်အတိုင်းပင် အရှေ့ကို ဆက်လျှောက်လာသည်။ ဒါ ကျွန်မသိသည့် ဒေါ်ကေသီခင့်ပုံစံပင်။ သို့သော် ဒီနောက်ကွယ်မှာ ကျွန်မ မသိနိုင်သည့်အရာတွေ ရှိနိုင်သည်ကို တွေးမိတော့ ကျွန်မရင်တွေ ကြေကွဲရသည်။
မျက်နှာချင်းဆိုင်ဦးတည်ပြီး လျှောက်နေကြပါသော်လည်း ကျွန်မတို့နှစ်ယောက်ကြားထဲတွင် မိုင်ပေါင်းများစွာခြားနေသလို ခံစားရ၏။ ကျွန်မကိုယ်ကျွန်မ အိမ်မက်ထဲမှာ လမ်းလျှောက်နေရသူတစ်ယောက်လို ခံစားရ၏။ ဒေါ်ကေသီခင်ကလွဲလျှင် အရာအားလုံးက ကျွန်မအမြင်တွင် ဝေဝါးနေသည်။ ဒါက ကျွန်မမျက်ဝန်းတွင် မျက်ရည့်တို့ဖြင့် ရစ်ဖွဲ့နေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။
YOU ARE READING
သူမ