[Unicode]
စာမေးပွဲ ဖြေရမည်ကိုတောင် ဂရုမပြုနိုင်ဘဲ ကျောင်းထဲဝင်သည်နှင့် အရင်ဆုံး လုပ်မိသည်ကတော့ သူမကို လိုက်ရှာခြင်း ဖြစ်သည်။ တကယ်တော့ ရှာစရာတောင် မလိုပါ။ ဆရာမတွေ ဘယ်နှယောက် ရှိနေပါစေ၊ ကျွန်မ၏ မျက်စိက သူမကို ချက်ချင်း မြင်ပါသည်။ လူတွေ ဘယ်လောက် များများ၊ ကျွန်မက သူမကို မမှတ်မိဘူးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါ။
ကျောင်းထဲ ရောက်သည်နှင့် သူမကို တွေ့ရသည့်ကိစ္စမှာ ခဏခဏ ကြုံနေရသဖြင့် သိပ်တောင် စိတ်မလှုပ်ရှားတော့ပါ။ စာမေးပွဲ ဖြေရမည်ကြောင့် အနည်းငယ် တုန်လှုပ်ခြင်းလောက်သာ ရှိသည်။
သို့သော်လည်း ကျွန်မ အတတ်နိုင်ဆုံး နှေးနိုင်သမျှနှေးအောင် လျှောက်နေမိသည်။ မိနစ်ပိုင်းလေးသာ တွေ့ခွင့်ရှိသည့် အခိုက်အတန့်တွင် သူမမျက်နှာလေးကို ဝအောင် ကြည့်သွားချင်မိပါသည်။
ခက်သည်မှာ ထိုသို့ ဖြည်းဖြည်းလျှောက်လျှင်တောင်မှ ငါးမိနစ် မကြာဘဲ အဆောင်ပေါ် ရောက်သွားမည် ဖြစ်သည်။ အရင်လိုလည်း ပြန်လှည့်ကြည့်၍ မရသဖြင့် ကျွန်မ သေချာ စိုက်ကြည့်ကာ သူမ၏ ပုံရိပ်ကို ကျွန်မမှတ်ဉာဏ်ထဲတွင် ဖမ်းယူနေမိသည်။
အမြဲတမ်း စိတ်အလိုလိုက်နေကျ ကျွန်မက အခုကျမှ နောက်လှည့်မကြည့်ဖို့ ချုပ်တည်းထားရသည်မှာတော့ တကယ့်ကို မလွယ်လှပါ။ အကယ်၍များ နောက်လှည့်ကြည့်မိခဲ့လျှင် သူမ၏ စိမ်းကားသည့် အကြည့်တွေသာ ပြန်ရနိုင်ကြောင်းကို ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရပါသည်။
ကျွန်မ ပင်မဆောင်ထဲ ဝင်လိုက်သည်နှင့် တစ်ကျောင်းလုံးက မှောင်မဲနေသည်။ စာမေးပွဲနေ့တောင် မီးမလာသည်ကတော့ အံ့သြစရာပင်။ မှောင်ကလည်း မှောင်၊ လေကလည်း တိုက်နှင့် အနည်းငယ်တောင် ကျောချမ်းစရာကောင်းနေသည်။
သို့သော် ကျွန်မကတော့ အေးအေးဆေးဆေးပင် လမ်းလျှောက်နေမိသည်။ ကွန်ပျူတာခန်းရှေ့နား ရောက်ချိန်တွင်တော့ ကျွန်မ ခြေလှမ်းတို့က တုံ့ဆိုင်းသွားသည်။ အမှတ်တရတို့ကလည်း ဝိုးတဝါး ပြန်ပေါ်လာသည်။ ကျွန်မ လေးပင်စွာနှင့် မျက်နှာလွှဲလိုက်ပြီး ဆယ်တန်းဆောင်သို့ တက်ရန် ပြင်လိုက်သည်။
YOU ARE READING
သူမ