[Unicode]
"သူ့ကိုမှ ချစ်မိနေပါတယ်
တွေ့နေ မြင်နေကျမို့
ဖြေဖျောက်ဖို့လည်း မလွယ်
မျက်စိထဲ တဝဲလည်လည်
သူ့အလှ ပင့်ကူမြှေးသဖွယ်
ဩော်...ရစ်ပတ်ဖွဲ့နှောင်ထားလို့
ရုန်းထွက်ဖို့လည်း ခက်လှတယ်
ကိုယ့်ကိုကွယ် စိုးမိုးနိုင်လွန်းတယ်"မနက်စောစော တွံတေးသိန်းတန်သီချင်းသံသည် ကားပေါ်၌ ပျံ့လွင့်လာပါသည်။ ပုံမှန်ဆို ခေတ်ဟောင်းသီချင်းတွေ မကြိုက်တတ်သော ကျွန်မဟာ ဒီသီချင်းတော့ ဘာလို့ ကြိုက်မိမှန်းမသိပါ။ ခံစားချက်ချင်း တိုက်ဆိုင်၍ ဖြစ်မည်။
"သမီးက ဒီသီချင်းလည်း ရတာပဲလား"
အဖေက ကားမောင်းနေရင်း ကျွန်မဘက်ကို လှည့်ကာ မေးသည်။
"အင်း...ကြိုက်လို့"
ဘာလို့များ အရာအားလုံး၊ အခြေအနေအားလုံးဟာ သူမကို သတိရအောင် တွန်းပို့နေပါသလဲဟု တွေးမိသည်။
လေးနှစ်ကျော်၊ ငါးနှစ်နီးပါး အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှဟာ သိပ်များလွန်းလှသည်။ ဘယ်အရာကိုပဲ မြင်လိုက်မြင်လိုက် သူမကိုသာ သတိရနေမိသည်။
အဝေးကိုကြည့်ကာ ရေဒီယို မှသီချင်းကို လိုက်ညည်းနေပါသော်လည်း စိတ်ကတော့ ထိုနေ့ဆီ ရောက်နေပြန်သည်။
ထိုနေ့က ကျွန်မ လိုင်းသုံးနေစဥ် ခေတ်ဟောင်းသီချင်းလေးတွေတင်ထားတာ တွေ့လိုက်ရသည်။ မြင်မြင်ချင်းမှာပင် သူမကို သတိရသွားမိပါသည်။
ထို့ကြောင့် ထိုပို့စ်ကို ရှဲလိုက်ပြီးနောက် ဗီဒီယို တစ်ခုကို ဒေါင်းလုဒ်ဆွဲကာ သူမထံ ပို့လိုက်သည်။ ထိုသည်ကား တွံတေးသိန်းတန်၏ "ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်" ပင်။
*တီချယ်ကြိုက်ရဲ့လား*
သူမထံ ဗီဒီယိုပို့ပြီးနောက် ကျွန်မ မေးလိုက်သည်။
*ကြိုက်ပါတယ် အခုမှနားထောင်ဖူးတာ*
*တကယ်ကြီးလား...*
ဆရာမတယောက်ကို ဒီလိုသွားပြောတာ ကျွန်မသိပ်မှားသွားပါသည်။ ကျွန်မကတော့ သူမအရွယ်ဟာ ဒီသီချင်းတွေ သိလိမ့်မည်ဟု တွေးခဲ့သောကြောင့် မယုံကြည်နိုင်၍ မေးလိုက်ခြင်းသာဖြစ်သည်။ သို့သော် ထိုအရာဟာ မှားကြောင်း ကျွန်မ အချိန်နှောင်းမှ သိခဲ့ပါသည်။
YOU ARE READING
သူမ