[Unicode]
ခြောက်တန်း တစ်နည်းအားဖြင့် ဒေါ်ကေသီခင် နှင့် ကျွန်မတို့ နှစ်ယောက် အမှတ်တရများစွာ ရှိခဲ့သည့်နှစ်။ သူမအကြောင်း ပြောမည်ဆိုလျှင် ခြောက်တန်းနှစ်က အကြောင်းကို အစအဆုံး ပြောမှသာ အဆင်ပြေမည်။ အထူးသဖြင့် ကျူရှင်က အကြောင်းများပင်။
✧
ဒီနေ့ဟာ သူမနှင့် တွေ့တာ သုံးရက်မြောက်သည့်နေ့။ သူမအား ကျူရှင်၌ တစ်ပတ်မှ တစ်ရက်၊ တစ်ရက်မှ တစ်နာရီခွဲလေးသာ တွေ့ခွင့်ရှိသည်မှာ ဘယ်လိုမှ အဆင်မပြေပါ။ တစ်ပတ်မှာ ငါးရက်က သူမနှင့် ကျောင်း၌ တွေ့နိုင်သလို စနေနေ့ဆိုလည်း သူမနှင့် ကျူရှင်၌ တွေ့နိုင်သည် ဆိုသော်ငြားလည်း ကျွန်မအတွက်တော့ မလုံလောက်သလိုပင်။
သူမက ဒီနေ့ကျမှ ထူးထူးဆန်းဆန်း အရှေ့မှာ မထိုင်ဘဲ ကျွန်မတို့လိုင်း၏ အရှေ့တစ်လိုင်းတွင် လာထိုင်သည်။ ကျွန်မတို့ ထိုင်သည်က တတိယတန်း ဖြစ်သည့်အတွက် သူမ ထိုင်နေသည်မှာ ဒုတိယတန်း ဖြစ်၏။ ကျွန်မတို့ အရှေ့က ယောက်ျားလေးတစ်ယောက် မလာ၍ သူမကလာထိုင်ခြင်း ဖြစ်သော်လည်း ဘေးတွင် ယောက်ျားလေးများ ရှိနေသေးသည်။ ဒါကို ကျွန်မမှာ ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်ရင်းနှင့်သာ မနာလိုသဝန်တိုနေရ၏။
သို့သော် သူမက အထဲမှာ မထိုင်ဘဲ စားပွဲအပြင်ဘက်ထောင့်လေးမှာ ခုံဆွဲပြီး ထိုင်၍သာ တော်သေးသည်ဟု ဆိုရမည်။ ထို့အတွက် ကျွန်မနှင့် မနီးမဝေးဖြစ်နေသည်။ အစွန်မှာ ထိုင်သည့် ကျွန်မအတွက်တော့ ဒီအကွာအဝေးဟာ အတော်လေး နီးသည်ဟု ဆိုရမည်။
"သမီး ရှပ်အင်္ကျီ ဘယ်မှာ ဝယ်တာလဲ"
ကျွန်မ စာရေးနေရင်း သူမအသံကို ကြား၍ မော့ကြည့်လိုက်တော့ ကျွန်မအား စူးစူးစိုက်စိုက် ကြည့်နေသည့် သူမအကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။
"ရှင်...သမီးလား"
ဘေးက ယွန်းနဒီကတော့ ကျွန်မကို ဟုတ်လှချည်လားဆိုသည့် အကြည့်နှင့် ကြည့်နေသည်။ ကျွန်မ သူ့အတန်းပိုင်အပေါ် ခံစားချက်ရှိနေမှန်း သူ ရိပ်မိလောက်သည်။
"အင်းလေ"
ကျွန်မအား ကြည့်သည်ဟု ထင်ခဲ့မိသော်လည်း အမှန်မှာ ကျွန်မအင်္ကျီကို ကြည့်ခြင်း ဖြစ်နေသည်။ ကျွန်မ ဝတ်ထားသည်မှာ ပုခုံးတွင် ဖော့တပ်ထားပြီး အောက်နားကို သားရေကြိုး တပ်ထားသည့် ရှပ်အင်္ကျီ အပြာရောင် အပွင့်ဆင် လက်ဇကနှင့် ဆွဲသားဘောင်းဘီရှည် မိုးပြာရောင် ဖြစ်သည်။ သူမစကားကြောင့် အယောင်ယောင်အမှားမှားနှင့် ကိုယ့်အင်္ကျီကိုယ် ပြန်ကြည့်မိ၏။
YOU ARE READING
သူမ