Interior Lighting Design by Gray Gordon Fies, Fiald, LC (Part-1)
အလင်းနှင့်ဆိုင်သော စိတ်ပညာသဘောတရားစိတ်ခံစားမှု တစ်စုံတစ်ရာကို ဖြစ်ပေါ်စေသော နေရာတစ်နေရာအား
ဖန်တီးခြင်းသည် ထိုနေရာ၏ အလင်းအမှောင် (Contrast) ကိုချိန်ညှိခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ အလင်းပေးထားသော မျက်နှာပြင် (ပေါ်လွင်ထင်ရှားစေချင်သောနေရာ) နှင့် နောက်ခံနေရာ၏ မှောင်မိုက်မှု တို့အကြား ဆက်သွယ်နှိုင်းယှဉ် ချက်ပင်ဖြစ်ပါသည်။အခန်းတစ်ခန်းအား သတ်မှတ် အလင်းရောင်ပမာဏ အတိုင်း မီးသီး မီးချောင်းများ ထွန်းညှိပါက အလင်းရောင်လုံလောက်စွာ ရရှိမည်ဖြစ်သည်။သို့ရာတွင် လူတို့၏ စိတ်ခံစားမှု အပေါ် အကျိုး သက်ရောက်မှု ရှိစေရန်အတွက် အလင်း အမှောင် သဘောတရားပါသော အလင်းဒီဇိုင်းပြုလုပ်ခြင်းသည် သာ အခန်းတွင်း ဒီဇိုင်းပညာရှင်တို့ အတွက် ပိုမိုခက်ခဲသော စိန်ခေါ်မှု တစ်ရပ်ဖြစ်လေသည်။
အခန်းတွင်း အလင်းဒီဇိုင်း ပြုလုပ်ရာတွင် အများပြည်သူအတွက် တရား၀င် ထုတ်ပြန်ထားသော နေရာအလိုက် ရှိရမည့် သတ်မှတ် အလင်းပမာဏများကို မှီငြမ်း၍ ပြုလုပ်ခြင်းသည် နေရာတစ်နေရာအား မရည်ရွယ်သော်လည်း မျက်စိပသာဒကင်းမဲ့ကာ စိတ်ခံစားမှု အပေါ် အကျိုးသက်ရောက်မှု လုံးလုံးကင်းမဲ့ သော အဖြစ်သို့ ရောက်ရှိစေပါသည်။ ထို့ကြောင့် အလင်းဒီဇိုင်းပြုလုပ်ရာတွင် အလင်းအမှောင် (Contrast) သဘောတရားကို သင့်တင့်လျော်ကန်စွာ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ထိုသို့ အလင်းအမှောင် သဘောတရားကို ထည့်သွင်းစဉ်းစားခြင်းရှိမှသာ နှစ်လိုဖွယ်ကောင်း၍ နိုးကြွားတက်မှုရှိသော အလင်းဒီဇိုင်း ကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။
အကယ်၍ မျက်နှာပြင်နှင့် အရာ၀တ္ထုအားလုံး အပေါ်တွင် အလင်းညီမျှစွာ ရရှိပါကအလင်းအမှောင် သဘောကို ရရှိမည် မဟုတ်ပေ။အချိန်ကြာမြင့်လာသည်နှင့် အမျှ ထိုသို့ အလင်းတစ်ပြေးတည်း ဖြစ်မှုသည် လူ၏စိတ်အား ထိုင်းမှိုင်း လေးလံမှုကို ဖြစ်ပေါ်စေနိူင်ပါသည်။အလင်းအမှောင် သဘော ကင်းမဲ့သော ပတ် ၀န်းကျင်သည် အုံ့မှိုင်းသော နေ့တစ်နေ့ နှင့် တူညီပေသည်။လူတို့၏ စိတ်သည် နေသာသော နေ့များတွင် ပို၍တက်ကြွ ရွှင်လန်းသည့် သဘောရှိတတ်သည်။နေသာသော နေ့၏ တောက်ပသော အလင်းရောင်နှင့် သစ်ပင်တို့၏ အေးမြသော အရိပ်အာဝါသများ၏ အလင်း အမှောင် ဆန့်ကျင်ဘက် သဘောတရား ကြောင့် လူ၏ စိတ်ကို တမျိုးတဖုံ ပြောင်းလဲစေခြင်းဖြစ်ပါသည်။ အမှန်စင်စစ်အားဖြင့် ငြီးငွေ့ဖွယ် ကောင်းသောနေ့ ၊ လေးလံထိုင်းမှိုင်းဖွယ်နေ့၊ သာယာသောနေ့ စသည်တို့၏ ခြားနားချက်သည် အလင်းရောင်၏ Quality ကွာ ခြားခြင်း သဘောသာဖြစ်လေသည်။
စိတ်ခံစားမှု ရရှိအောင် လှုံ့ဆော်ခြင်း တွင် လူအများအား ပျှော်ရွှင်တက်ကြွဖွယ် ရှိအောင် ဖန်တီးခြင်း၊ အာရုံစူးစိုက်မှု ဖြစ်ပေါ်အောင် ဖန်တီးခြင်း၊ သက်တောင့်သက်သာ ဖြစ်အောင် ဖန်တီး ခြင်း စသည့်ဖြင့် အတိုင်းအဆ ဒီဂရီ အမျိုးမျိုး ကွဲပြားသည် ။သို့သော် လူတစ်ဦးနှင့် တစ်ဦး စက္ခုအာရုံ အပေါ် တုံ့ပြန်မှု မတူညီနိုင်သည်ကို သတိပြုရမည်။
ပတ်၀န်းကျင်ဆိုင်ရာ စိတ်ပညာရှင်များက ရရှိအောင် လှုံ့ဆော်ခြင်း High-Load နှင့် Low-Load ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ရှုပ်ထွေးသော၊လူစုလူဝေး ဖြစ်သော၊အချိုးမညီသော၊အသစ်အဆန်းဖြစ်သော၊ ပတ်၀န်းကျင်ကို High-Load ဟု သတ်မှတ်ထားပြီး အချိုးညီ၍ သမားရိုးကျဖြစ်သော၊ ပုံသေ ကားချပ်ဆန်၍ အသစ်အဆန်း မဟုတ်သော ပတ်၀န်းကျင်ကို Low-Load ဟုသတ်မှတ်ပါသည်။
အကယ်၍ နည်းပညာဆိုင်ရာ စာသင်ကြားခြင်း၊ စာမေးပွဲ ဖြေဆိုခြင်း၊ ၀တ္ထုစာပေ ရေးသားခြင်း စသည့် ရှုပ်ထွေး၍ လူ့စိတ်ကို အသစ်အဆန်းဖြစ်စေသော အလုပ်များ လုပ်ဆောင်ရာနေရာတွင် မျက်စိ ပသာဒ ဖြစ်ဖွယ် အသစ်အဆန်း အလင်း ဖန်တီးများ အလွန်အကြူး ပြုလုပ်ထားပါက လူအများအား စိတ်ညစ်ညူး မျက်စိနှောက်စေကြောင်း သတိပြုရ မည်။
အပြန်အလှန်အားဖြင့် စာရင်းအင်းများရေးဆွဲခြင်းကဲ့သို့ ငြီးငွေ့ဖွယ် အလုပ်များသည် ထိုင်းမိုင်းလေးလံသည့် စိတ်ခံစားမှု ကိုဖြစ်ပေါ်စေသည်။ထိုသို့သော ပတ်၀န်းကျင် အခန်းတွင်း၌ ပြုလုပ်သည့် အလင်းဒီဇိုင်းသည် စိတ်ခံစားမှုကို နိုးကြားစေသည့် ဖန်တီးမှုမျိုး မပါ၀င် ပါက လူ၏စိတ်ကို ပိုမိုထိုင်းမှိုင်းလေးလံစေပါသည်။ရုံးခန်းများ၊ Drawing ရေးဆွဲရာ အခန်းများ၏ အလင်းဒီဇိုင်း များသည် သတ်မှတ် Illumunance အတိုင်း အလင်းတပြေးညီရရှိအောင် ပြုလုပ်ထားလေ့ရှိသောကြောင့် ထိုသို့ ငြီးငွေ့ခြင်း စိတ်ခံစားမှုကို အများဆုံးရရှိလေ့ရှိသော နေရာများဖြစ်သည်။
ထို့ကြောင့် ပျင်းရိငြီးငွေ့ဖွယ်ကောင်းစေသော အလုပ် (သို့မဟုတ်) ပတ်၀န်းကျင် ဖြစ်လေလေ စိတ် ခံစားမှုကို လှုံ့ဆော်ပေးသည့် ဒီဇိုင်းဖန်တီးမှုများ ပိုမိုလိုအပ်လေလေဖြစ်ပါသည်။ ဥပမာအားဖြင့် ငြီးငွေ့ဖွယ် ကောင်းသော အိမ်မှုကိစ္စများ လုပ်ဆောင်ရာတွင် သီချင်းဖွင့်ထားခြင်းဖြင့် ငြီးငွေ့မှုကို ပြေပျောက်စေ သကဲ့သို့ဖြစ်ပါသည်။
Crd
YOU ARE READING
Interior Lighting အကြောင်းစလေ့လာရအောင်
Non-FictionProfessionalမဟုတ်ပါ။သိသလောက်ကိုnotebookသဘောပြန်ကြည့်လို့ရအောင်ရေးခြင်းဖြစ်သည်။