ချစ်ခြင်းတရားဟူသည်ကား မည်သို့နည်း။ ချစ်ခြင်းပင်လယ်မှာ နှလုံးသားတစ်စုံရွက်လွင့်မူ ချစ်ခြင်းတရားရဲ့ရိုက်ခတ်မှုကို ကြံ့ကြံ့ခိုင်နိုင်မှ ထိုနှလုံးသားသည်ကား ရှင်သန်နိုင်ပေမည်။ ခွန်ချမ်းကို မော့ကာပြုံးကြည့်နေပါသော သက်ပိုင်ရဲ့မျက်ဝန်းများ၌ ကြောက်ရွံ့ခြင်းနိတ္ထိ ချစ်ခြင်းမေတ္တာသာ ကိန်းဝပ်နေ၏။ ထိုအပြုံးကား ခွန်ချမ်းအတွက် အလှဆုံးဖြစ်သည်။ ချစ်ခြင်းတရားဖြင့် လှပတင့်တယ်နေသည့်အပြုံး၊ ချစ်ရတဲ့သူကိုဖွင့်ပြောရခြင်းအတွက် တုံ့ပြန်လာမည့်မည်သည့်တုံ့ပြန်မှုမျိုးကိုမဆို ရဲရဲခံနိုင်သည့်အပြုံး။ သူကတော့ သူချစ်ရတဲ့သက်ပိုင်ရဲ့အပြုံးလှောင်အိမ်မှာ သူ့စိတ်ခန္ဓာ ခဏတာပိတ်လှောင်သွားပါ၏။
အချိန်တစ်ခုအထိ ခွန်ချမ်းက စကားဆိုမလာ။ သက်ပိုင်က သူ့ကိုစကားမပြောဘဲ ငေးကြည့်နေသည့်ခွန်ချမ်းကြောင့် တစ်ချက်ပြုံးမိသွား၏။ ဒီတိတ်ဆိတ်မှုကို သူ့ဘက်မှမဖြိုခွဲလျှင် နှစ်မျောမှုပင်လယ်ထဲ ရွက်လင့်နေသော ခွန်ချမ်းရဲ့စိတ်သဏ္ဍာန်လှေငယ်သည်ကား လက်ရှိသို့ရောက်လာတော့မည်မဟုတ်ပါ။ ထို့ကြောင့် ချစ်ခြင်းစကားအား ထပ်၍ဖွင့်ဟခြင်းဖြင့် ဤတိတ်ဆိတ်မှုကို ကွယ်ပျောက်စေတော့သည်။
"ခွန်ချမ်းငြိမ်းတစ်မည် ချမ်းငြိမ်းရာကို ကျွန်တော်ချစ်တယ်၊ ကျွန်တော့်ကို စဉ်းစားပေးပါလား"
သက်ပိုင်ရဲ့ ချစ်စကားနှင့်တောင်းဆိုသံကြားမှ ခွန်ချမ်းရဲ့စိတ်သည်ကား သက်ပိုင်ရဲ့အပြုံးလှောင်အိမ်ကြားပိတ်မိနေရာမှ လက်ရှိပစ္စုပ္ပန်သို့ပြန်ရောက်လာခဲ့သည်။ သို့သော်ငြား မည်သည့်စကားကိုဆိုရမလဲ သူမသိ။ သက်ပိုင်က သူ့ကိုချစ်သည်တဲ့။ သူလည်း သက်ပိုင်ကိုချစ်သည်။ သို့သော် ထိုချစ်ခြင်းကို ဖွင့်ထုတ်ပြဖို့ ကြောက်နေမိ၏။ အိပ်မက်များမက်ခဲ့လေသလားလို့ တွေးမိပြန်တော့ သက်ပိုင်အား သူ့ကိုချစ်နေသလားဆိုတာ ပိုသေချာအောင် ထပ်မေးရပြန်သည်။
DU LIEST GERADE
ကျွန်တော့်ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)
Romantikခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ ခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ