ခွန်ချမ်းက နောက်ဆုံးကျန်သည့် ရှပ်အင်္ကျီကြယ်သီးကိုတပ်ရင်း မှန်မှာပေါ်နေသည့် သူ့ကိုယ်သူပြန်ကြည့်နေ၏။ ယနေ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ စင်တူကျောင်းဝတ်စုံကို ဝတ်ဆင်ရမည့်နေ့မို့ ရှပ်လက်ရှည်အဖြူ နှင့် ပုဆိုးအပြာရောင်ကို ဝတ်ထားရပေသည်။ အင်္ကျီကြယ်သီးတပ်ပြီးနောက် နဖူးပေါ်ကျနေသည့်ဆံပင်တွေအား ဘေးခွဲကာ နောက်သို့လှန်တင်ထားလိုက်သည်။ ပြင်ဆင်ပြီးနောက် ခုတင်ပေါ်ရှိ ခေါက်ထားသောမိုးကာအဖြူ လေးဆီသို့သွားလိုက်သည်။
"ပြန်ပေးရဦးမှာပဲ"
မိုးကာကိုယူကာ ခပ်သင်းသင်းအနံ့ကလေးများရဦးလေမလားလို့ နမ်းရှိုက်ကြည့်ပေမယ့် ထိုအနံ့သင်းသင်းမရှိလေတော့။ မိုးကာကိုလွယ်အိတ်ထဲထည့်လိုက်ပြီး ကျောပိုးအိတ်ကိုတစ်ဖက်တည်းလွယ်ကာ အခန်းထဲမှထွက်ခဲ့၍ ထမင်းစားခန်းထဲဝင်ခဲ့သည်။ မနက်စာလုပ်ပေးမည့်သူမရှိတာကြောင့် ရေခဲသေတ္တာကိုဖွင့်ပြီး ပေါင်မုန့်တစ်လုံးကိုယူကာ ဖောက်စားလိုက်ပြီး အိမ်ပြင်သို့ထွက်ခဲ့သည်။
ရာသီဥတုက မိုးမှုန်ကျနေသည်။ မိုးသက်လေက သူ့မျက်နှာကိုကျော်ဖြတ်တိုက်ခိုက်သွားကာ ဆက်၍မိုင်မည်မျှသောခရီးကို ရွေ့မလဲမသိ။ အိမ်တံခါးကိုသေချာသော့ခတ် ဆိုင်ကယ်ကိုခြံရှေ့ထိတွန်းပြီး ခြံတံခါးကိုလည်းသေချာသော့ခတ်ပိတ်ကာ တစ်နေ့တာရဲ့လုပ်ငန်းတစ်ခုအား စတင်ရတော့သည်။
မိုးရိပ်အောက်ဆိုင်ကယ်မောင်းနေရခြင်းဖြစ်သဖြင့် စိတ်ကိုလန်းဆန်းစေသည်။ ရှေ့တည့်တည့်ရှိ မန္တလေးတောင်ကိုကြည့်၍ မန္တလေးရွှေကျုံးတော်နှင့်အပြိုင် ခရီးနှင်ရခြင်းကား ပန်းချီကားချပ်ထဲရောက်နေသလိုပေ။ မန္တလေးရွှေမြို့တော်အလှကား သိပ်ဂန္တဝင်ဆန်လွန်းသည်ကိုး။
ကျောင်းဝင်းထဲဆိုင်ကယ်ချိုးကွေ့ဝင်ကာ အရိပ်ရသည့်အမိုးအောက် ဆိုင်ကယ်ထားဖို့ပြင်လိုက်ပေမယ့် အမိုးအောက်၌ ဆိုင်ကယ်ပြည့်နေလေပြီ။ ထို့ကြောင့်ရသည့်နေရာမှာပဲ ဆိုင်ကယ်ထားခဲ့ကာ ထိုဆိုင်ကယ်များထဲမှ သက်ပိုင်သူရဲ့ဆိုင်ကယ်ကိုတွေ့သဖြင့် သက်ပိုင်သူ ကျောင်းရောက်နေပြီဆိုတာ သိလိုက်သည်။ မိုးကာသွားပေးရဦးမှာပဲ။
ESTÁS LEYENDO
ကျွန်တော့်ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)
Romanceခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ ခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ