ကောင်းကင်တွင် လမင်းကြီးက ဝိုင်းဝိုင်းစက်စက် နွယ်တို့ကို ပြုံးပြနေသည့်ပုံပေါ်သည်။ ကြယ်လေးတွေကလည်း မှိတ်တုတ်မှိတ်တုတ်..။ နွယ်သည် တွေရီစွာ ကြယ်တွေကိုငေးနေသော အစ်ကိုကို မသိမသာ ခိုးကြည့်မိသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချမိသည်။
ကြယ်တွေကို ငေးရသလိုဘဲ.. အစ်ကိုနဲ့နွယ်က ဝေးလိုက်တာ...။
အစ်ကိုက ကြယ်တွေကိုငေးရတာ နှစ်သက်သည့်သူဖြစ်သည်။ ဘာကြောင့်မှန်းမသိ.. တစ်ခါတစ်လေ အကြာကြီးတိတ်ဆိတ်သွားကာ ဟိုးအဝေးကြီးကိုသာ ငေးတတ်သည်။ တစ်ခါတစ်ရံ အစ်ကိုရဲ့မျက်ဝန်းတွေမှာ အဓိပ္ပာယ်မျိုးစုံဖြင့် ပြည့်နှက်နေတတ်သည်။ ပျော်သလိုလို.. စိုးရွံသလိုလို.. ထိတ်လန့်သလိုလို.. အမည်ဖော်ရခက်သည်။
နွယ်က လက်ထဲက ရေနွေးကြမ်းပူပူလေးကို မှုတ်ကာ အကုန်မော့ချလိုက်သည်။
' အစ်ကို.. ဘာလို့ ကြယ်တွေကိုငေးရတာ ကြိုက်တာလဲ...'
အစ်ကိုက တစ်ချက်ပြုံးတော့ ပါးချိုင့်လေးနှစ်ခုက ခပ်ရေးရေးပေါ်လာသည်။
' ဒီလိုပါဘဲ.. စာဖတ်ရတာ၊ သီချင်းနားထောင်ရတာ ဝါသနာပါသလို.. အဝေးကြီးကို လှမ်းငေးရတာလဲ ဝါသနာပါတာဘဲ ဆိုပါတော့..'
ထို့နောက် နွယ့်ကို အဓိပ္ပာယ်ရှိစွာကြည့်ကာ
' တစ်ချို့အရာတွေက.. ခပ်ဝေးဝေးမှာထားမှ လှပနိုင်တာ...'
နွယ်က ခေါင်းတစ်ချက်ဆတ်လိုက်ပြီး
' အစ်ကို သေချာအိပ်ပျော်ရဲ့လား... နွယ်တော့ ညနက်လေလေ အိပ်မရလေလေဘဲ..။ အိပ်မက်ဆိုးတွေ မက်တယ်.. နိုးလာတော့ ဘာမှန်းမသိတော့ဘူး..။ မကောင်းတဲ့ခံစားချက်ဘဲ ခံစားမိတယ်။ တစ်ခါတစ်လေ အိပ်နေရင်းနဲ့ ဟိုးအမြင့်ကြီးကနေ ပြုတ်ကျသလိုဘဲ.. ရင်ထဲမှာ သိမ့်ခနဲ သိမ့်ခနဲ...'
' နွယ်.. အိပ်ဆေးတွေ သောက်နေပြန်ပြီလား..'
နွယ်က ဘာမှပြန်မဖြေဘဲ ဆိတ်နေမိသည်။
' အိပ်ဆေးတွေ အလွန်အကျွံသောက်ရင်.. စိတ်ဂနာမငြိမ်ဘဲ လက်တွေတုန်လာတာတွေ ဖြစ်တတ်တယ်..'
' အိပ်လို့မပျော်ဘူးဆိုရင် သီချင်းနားထောင်တာဘဲဖြစ်ဖြစ်.. စာဖတ်တာဘဲဖြစ်ဖြစ်.. တစ်ခုခု အာရုံစိုက်ပေးရတယ်..။ စာဘဲဖတ်ပါ.. ကျောင်းစာကိုဘဲဖြစ်ဖြစ် ဖတ်..။ နွယ်က စာအုပ်နဲ့ ထိတွေ့တိုင်းမှာ အိပ်ပျော်တတ်တာ အစ်ကို အသိဆုံးဘဲမဟုတ်လား...'
YOU ARE READING
ချစ်ရပါသောနွယ်
Romanceတစ်ပါးသူတစ်ယောက်ကို အမှီပြုပြီးမှရှင်သန်ရတဲ့ဘဝမျိုးကို မင်းသိလား...၊ ခပ်မြင့်မြင့်ရောက်ချင်လွန်းလို့ တွေ့ကရာဖက်တွယ်ပြီး ရှင်သန်ရတဲ့နွယ်မျှင်တွေနဲ့တော့ တို့ကမတူဘူး ကိုယ်ဟာ တိမ်မျှင်တွေပေါ်က စိမ်းမြနွယ်...၊