အပိုင်း (၂)
နွယ်သည် ရုတ်တရက် ရင်ထဲ လှပ်ခနဲဖြစ်သွားကာ လန့်နိုးလာခဲ့သည်။ အိပ်မက်ဆိုးနှင့်အတူ ဖြစ်သည်။ နာရီကို ကြည့်မိတော့ ညသန်းခေါင်ကျော်ပြီ။ အံဆွဲထဲက အိပ်ဆေးဘူးကိုဖွင့်ကာ နှစ်လုံးသုံးလုံးခန့် သောက်ချလိုက်ပြီး အိစက်ညက်ညောသော မွေ့ရာကြီးပေါ် ပြန်၍လှဲချလိုက်သည်။
အမေ့စကားက သိပ်မှန်သည်..။ ပိုက်ဆံရှိတိုင်း ပျော်ရတာမှမဟုတ်တာ သမီးရယ်..တဲ့။ အကောင်းစား ဇိမ်ခံပစ္စည်းတွေနဲ့ နေ့ရက်တွေကို တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းနေရပြီး.. အကောင်းစားမွေ့ရာကြီးပေါ်မှာ အိပ်ပျော်နိုင်ဖို့ အိပ်ဆေးတွေ သောက်နေရသည့် အမေ့သမီးအဖြစ်ကိုမြင်လျှင်.. အမေ တမလွန်ကနေ ဝမ်းနည်း၍နေမလား..။
ဆေးအစွမ်းကြောင့်ဘဲလားမသိ.. မကြာခင်မှာဘဲ မှေးခနဲ အိပ်ပျော်သွားသည်။ နွယ် နိုးလာတော့ နေခြည်နုနုက နွယ့်မျက်နှာပေါ် ဖြာကျနေခဲ့ပြီ။
' တီတီ... တီတီ...'
ရုတ်တရက် ဖုန်းမြည်လာသဖြင့် နွယ်က အချိန်ကို လှမ်းကြည့်လိုက်ပြီး ဘယ်သူမှန်းတန်းသိကာ ဖုန်းကိုင်လိုက်သည်။
' မောနင်း.. နွယ်..'
' မောနင်းပါ.. အစ်ကို...'
' အစ်ကို.. နွယ်မှာထားတဲ့ စာအုပ်တွေနဲ့ ကုမ္ပဏီက ပေးလိုက်တဲ့ cosmetic တွေ.. နွယ့်အိမ်ရှေ့မှာ အခုလေးတင် ချခဲ့တယ်..။ နောက်ပြီး နွယ် ဘရိတ်ဖက်စ် မစားရသေးဘူးထင်လို့ ရွှေတောင်ခေါက်ဆွဲ ဝင်ဝယ်ခဲ့သေးတယ်။ ကျောင်းကို ဘာမှမစားဘဲ မသွားနဲ့နော်.. တစ်ခုခုစားသွား...'
' ဟုတ်ကဲ့.. အစ်ကို..'
' အိုကေလေ.. ဒါဆို ချလိုက်ပြီနော်..'
နွယ်က ဖုန်းကို လက်ကကိုင်ကာ အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်။ ရှေ့တွင် နွယ်ကြိုက်တဲ့ ကဗျာစာအုပ်တွေ..။ နောက်ပြီး ကော်ဖီခွက်လေးနှင့် ခေါက်ဆွဲဘူးလေးကို အပေါ်မှာတင်ထားသည်။
နွယ်က blogger မို့ မိတ်ကပ်နှင့်မက အခြားအသုံးအဆောင် ပစ္စည်းများကိုလည်း စပွန်ဆာယူ၍ ကြော်ငြာပေးရသည်။ ယခုဆိုလျှင် နွယ်သည် ချမ်းချမ်းသာသာနှင့် အောင်မြင်နေသော လူတစ်ယောက် ဖြစ်လာခဲ့ပြီ။ အောင်မြင်ခြင်းနှင့် ပိုင်ဆိုင်မှုများတွင် ရစ်တွယ်လာသည်နှင့်အမျှ လောကကြီးက ထင်သလောက် မဆိုးသေးပါလားဟု တစ်မျိုးတွေးမိပြန်သည်။
YOU ARE READING
ချစ်ရပါသောနွယ်
Romanceတစ်ပါးသူတစ်ယောက်ကို အမှီပြုပြီးမှရှင်သန်ရတဲ့ဘဝမျိုးကို မင်းသိလား...၊ ခပ်မြင့်မြင့်ရောက်ချင်လွန်းလို့ တွေ့ကရာဖက်တွယ်ပြီး ရှင်သန်ရတဲ့နွယ်မျှင်တွေနဲ့တော့ တို့ကမတူဘူး ကိုယ်ဟာ တိမ်မျှင်တွေပေါ်က စိမ်းမြနွယ်...၊