.' သမီး... ဘာတွေဖြစ်နေတာလဲ..'
နွယ်က အတတ်နိုင်ဆုံး ရုပ်ကိုတည်ကာ..
' ဟမ်.. ဘာမှမဖြစ်ပါဘူး အမေရဲ့...'
နွယ်လည်း အရမ်းသိသာနေလားဟု တွေးမိကာ နံရံပေါ်မှာကပ်ထားသည့် မှန်လေးဆီ စောင်းကြည့်လိုက်သည်။
' သမီး မနေ့က အိမ်ပြန်လာကတည်းက တစ်ယောက်တည်း ရယ်လိုက်ပြုံးလိုက်နဲ့.. စိတ်မှန်ပါသေးတယ်နော်..'
နွယ်က အားရပါးရရယ်လိုက်ပြီး အမေ့အတွက် ဆေးသောက်ဖို့ ရေတစ်ခွက် ထခပ်လိုက်သည်။
' ဟာသကားကြည့်ထားလို့ တွေးမိတိုင်း ရယ်ချင်နေတာ...'
နွယ့်အမေကတော့ နွယ်လှိမ့်သမျှ မယုံချင်ယုံချင်နှင့် ယုံနေရကာ.. နွယ့်လက်မှဒဏ်ရာကို လှစ်ခနဲ မြင်လိုက်သည့်ပုံပေါ်သည်။
' သမီး.. လက်က ဘာဖြစ်တာလဲ..'
နွယ်က ဒဏ်ရာကိုဝှက်လိုက်ရင်း ပြုံးပြကာ
' ဘာမှမဖြစ်ပါဘူး အမေရဲ့.. ဆိုင်မှာဓားရှတာ..'
' ဓားရှရအောင် ညည်းက ဟင်းချက်ရတာကျနေတာပဲ.. ပေးပေး.. ဆေးပြန်ထည့်ရမယ်..'
ဟု ဆိုကာ နွယ့်လက်ကို အတင်းဆွဲရင်း ကပ်ထားသည့်ပလာစတာကို ခွာမည်လုပ်တော့ နွယ်က အလန့်တကြားဖြစ်သွားသည်။
' နိုး.. နိုး.. မခွာနဲ့ အမေ..'
ဟု ဆိုကာ ကွာသွားသောနေရာလေးကို လက်ဖြင့်အသာဖိထားလိုက်သည်။
' မနေ့ညထဲကဟာလေ.. ရောဂါပိုးတွေ ဝင်ကုန်မှာပေါ့..'
' ရပါတယ် အမေရယ်.. အပိုကုန်တယ် ထားလိုက်ပါ.. ပြီးရင် ပျောက်သွားမှာပါ...'
နွယ်က ဆံပင်ကိုအပြောင်သိမ်း.. သေချာစုစည်းလိုက်ကာ မှန်ထဲတွင် ဟိုလှည့်လိုက် ဒီလှည့်လိုက်ကြည့်ပြီး အိမ်ထဲက ထွက်လာခဲ့သည်။ နွယ်သည် မျက်နှာပေါ် ခပ်ဖြာဖြာကျလာသော နေရောင်ကို လက်ဖြင့်ကာလိုက်ပြီး ကောင်းကင်ကိုကြည့်လိုက်တော့ အဖြူရောင်တိမ်တိုက်လေးတွေက အဆုပ်လိုက် အဆုပ်လိုက်..။ နွယ်သည် အိမ်ရှေ့ပန်းအိုးထဲမှာ စိုက်ထားသော cosmos ပန်းအဝါလေးကို ခေါင်းပေါ်မှာစိုက်ကာ.. သီချင်းလေးတညည်းညည်းဖြင့် လျှောက်လာခဲ့သည်။

VOUS LISEZ
ချစ်ရပါသောနွယ်
Roman d'amourတစ်ပါးသူတစ်ယောက်ကို အမှီပြုပြီးမှရှင်သန်ရတဲ့ဘဝမျိုးကို မင်းသိလား...၊ ခပ်မြင့်မြင့်ရောက်ချင်လွန်းလို့ တွေ့ကရာဖက်တွယ်ပြီး ရှင်သန်ရတဲ့နွယ်မျှင်တွေနဲ့တော့ တို့ကမတူဘူး ကိုယ်ဟာ တိမ်မျှင်တွေပေါ်က စိမ်းမြနွယ်...၊