' နွယ်နွယ်.. လာအုံး... ဒီတစ်ခေါက်လဲ အမှတ်အနည်းဆုံးရပြန်ပြီ.. ဘာလို့စာမလုပ်တာလဲ...'
နွယ်က အံကိုကြိတ်၊ လက်ကိုပိုက်ကာ ဘာမှပြန်မပြောဘဲ တင်းခံနေသည်။
' ကဲ.. သွာ.. သွားတော့... မိတဆိုးလေးဘဲ..'
နွယ်သည် ဆရာမလက်ထဲက အဖြေစာရွက်ကိုယူကာ.. ခပ်ညစ်ညစ် သစ်သားခံတန်းလေးမှာ ပြန်ထိုင်လိုက်သည်။
' သမီး.. သဇင်.. လာပါအုံး...။ သမီးက အမှတ်အများဆုံးဆိုတော့.. ဆရာမက ဆုချရမှာပေါ့..'
ဟု ဆိုကာ ဆရာမက ခြင်းတောင်းထဲက ချောကလက်တုံးလေးယူကာ.. သဇင့်ဆီပေးလိုက်သည်။
' ကဲကဲ.. လက်ခုပ်တီးပေးလိုက်ပါအုံး...'
နွယ်ကတော့ ဘာကိုမှ စိတ်ထဲတွင်မထား..။ အမှတ်အနည်းဆုံးဖြစ်၍လည်း ဝမ်းမနည်း.. ကိုယ့်အကြောင်းကိုယ်သာ သိမည်။
သဇင်ကတော့ စာလေးတော်တော့ အမြဲတမ်း မြောက်ကြွမြောက်ကြွ။ ဆရာမကလည်း သူ့ကိုဆို ပစားပေးလိုက်တာ..။ ခိုင်းစရာရှိလျှင် နွယ့်ကိုသာခိုင်းပြီး မုန့်ကျွေးဖို့ အဝေမတည့်လျှင်.. နွယ်သည် စာညံ့သည်ဟူသော အကြောင်းပြချက်ဖြင့် အမြဲတမ်း ချန်ထားခံရသည်။ အမှားလုပ်လျှင်လည်း နွယ်ကသာ ပို၍အဆူခံရပြီး.. သဇင့်ကိုတော့ လက်ဖျားနှင့်တောင်မထိ..။
သဇင်တို့မိသားစုက အတန်ငယ်ချမ်းသာကာ.. သဇင့်အမေကလည်း သူမကို ဆရာတွေ၊ ဆရာမတွေငှားကာ သင်ပေးသည်ဟု ပြောသံကြားသည်။ သဇင်ကလည်း အမြဲတမ်း စာကိုသာကျက်ကာ အိမ်အလုပ်ပင် မလုပ်ရပေ..။ အမြဲတမ်း သူမ၏မျက်နှာက မာနရောင်လေးလွှမ်းကာ နွယ့်ကိုပင် အပေါင်းအသင်းမလုပ်။
နွယ်တို့ကျောင်းသည် တောရွာလေးက စာသင်ကျောင်းလေးဖြစ်သဖြင့်.. ကလေးအများစုမှာ ကိုယ်ပိုင်လုပ်အားဖြင့် ဝင်ငွေရှာသဖြင့် ကံကောင်းသောသူအချို့သာ စာသင်ခွင့်ရကြသည်။ စာသင်ခန်းကျဉ်းကျဉ်းလေးတွင် စာသင်သားဆယ်ယောက်ခန့်သာ ရှိသော်လည်း.. ကျောင်းကို မပျက်မကွက် တက်ကြသူမှာ နွယ်နှင့်သဇင်အပါအဝင် စုစုပေါင်းငါးယောက်ခန့်သာ ရှိပေသည်။
' ဆရာမ.. သားတို့ကိုလည်း မုန့်ကျွေးပါလား...'
အမြဲတမ်းညစ်ပေနေ၍ ခေါင်းစုတ်ဖွားဖြင့် ကျောင်းလာလေ့ရှိသော ဖိုးခွားက လက်ညှိုးတစ်ချောင်းထောင်ကာ ထမေးသည်။
YOU ARE READING
ချစ်ရပါသောနွယ်
Romanceတစ်ပါးသူတစ်ယောက်ကို အမှီပြုပြီးမှရှင်သန်ရတဲ့ဘဝမျိုးကို မင်းသိလား...၊ ခပ်မြင့်မြင့်ရောက်ချင်လွန်းလို့ တွေ့ကရာဖက်တွယ်ပြီး ရှင်သန်ရတဲ့နွယ်မျှင်တွေနဲ့တော့ တို့ကမတူဘူး ကိုယ်ဟာ တိမ်မျှင်တွေပေါ်က စိမ်းမြနွယ်...၊