Part 1(Unicode)

2K 87 3
                                    


လူတို့သည် ပြောင်းလဲတတ်ကြသည်။ ပြောင်းလဲပြတာမဟုတ်ဘူး.. တကယ်ကိုပြောင်းလဲကြတာ..။ အပြောအဆိုတွေကအစ ဘဝတစ်ခုလုံး.. အချိန်နဲ့အညီပြောင်းလဲကြတာ။

ပြောတာတော့ပြောကြတာဘဲ.. မင်းကိုဘဲ တစ်သက်လုံးချစ်သွားမယ်ပေါ့..။ ဒါပေမဲ့ မနက်ဖြန်ကျရင် အဲ့လူကို ချစ်ချင်မှချစ်နေတော့မှာ...။ စင်စစ်.. လူတို့သည် ကြောက်စရာကောင်းအောင် အပြောင်းအလဲမြန်ကြပေသည်။ ချစ်နေတုန်းကတော့ နှုတ်ခမ်းမှာမုန့်ပေတာကအစ.. ခလုတ်တိုက်တာအဆုံး ချစ်လိုက်တာ။ ဟော.. မုန်းပြန်ပြီဆိုတော့လဲ မိုးအုံ့တာကအစ.. ဖိနပ်ပြတ်တာအဆုံး အကုန် ကိုယ့်အပြစ်ဖြစ်ကုန်ရော..။

နွယ်လဲ ပြောင်းလဲခဲ့သည်..။ နှလုံးသားရော.. ဦးနှောက်ရော.. နွယ့်ဘဝတစ်ခုလုံး.. နွယ်ပြောင်းလဲခဲ့ပြီ။ ခပ်နုံနုံနဲ့ အနှိမ်ခံရတဲ့ကောင်မလေးက အတိတ်မှာကျန်ခဲ့ပြီ။

' အဟင်း...'

နွယ်သည် ခပ်အက်အက်ရယ်လိုက်ပြီး တစ်ချက်ပြုံးကာ.. ခေါင်းမော့ရင်ကော့လျက် ကော်ဇောနီကြီးပေါ် တစ်လှမ်းချင်း နင်းလျှောက်လာသည်။ နွယ့်ကိုမြင်တော့.. စားပွဲဝိုင်းကိုယ်စီမှာ ထိုင်နေကြတဲ့သူတွေက ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေကြသည်။ တီးတိုးပြောတဲ့သူကပြော.. ခေါင်းခါတဲ့သူကခါ.. နွယ်ဟာ လူတွေရဲ့ပါးစပ်ဖျားမှာ ဗားရှင်းအမျိုးမျိုးပါဘဲ..။

' ဟယ်... ဒီကောင်မလေးကို လာမယ်လို့မထင်ဘူး..'

' သူ့ .. အရင်ရည်းစားဟောင်းရဲ့ မင်္ဂလာပွဲလေ..'

' အေးနော်.. ဘယ်လိုမျက်နှာနဲ့လာတာလဲမသိဘူး...'

' သတင်းတွေထဲကအတိုင်းဘဲ.. သူက ဘာကိုမှဂရုမစိုက်ဘူးတဲ့..'

' တကယ်ကို မျက်နှာပြောင်တိုက်ပြီးလာတာဘဲ..'

နွယ်သည် လှုပ်လှုပ်ရွရွဖြစ်သွားသော လူအုပ်ကြီးကို ဂရုမထားဘဲ.. ခပ်မာမာလေးပြုံးကာ ရှေ့ဆုံး VIP ဝိုင်းက လွတ်နေသောနေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ အခုဆိုလျှင် VIP နေရာတွေက နွယ့်အတွက်သာ ဖြစ်လာခဲ့ပြီ..။

နွယ်သည် ကျောက်စိမ်းရောင်တောက်တောက် ချိပ်ထဘီလေးနှင့် လည်ဟိုက် ပိုးအင်္ကျီလေးကို ဝတ်ထားသည်။ လည်ပင်းတွင်ဆွဲထားသော အရည်အသွေးပြည့်စိန်တွေနဲ့ကွပ်ထားသည့်.. ကျောက်စိမ်းဆွဲကြိုးလေးက အင်္ကျီနှင့်ဟပ်သည်။ ရင့်ကျက်သည့်အသွင်ဖြင့် ခပ်ပြေပြေထုံးထားသောဆံထုံးထဲတွင် ထိုးထားသော တစ်လုံးတည်းကျောက်စိမ်းကလည်း.. ဈေးကမနည်း။ ဝတ်ထားသော.. ပြောင်လက်နေသော ငွေရောင်ဒေါက်မြင့်ကလည်း.. နိုင်ငံခြားဘရန်း..။ နွယ့်တစ်ကိုယ်လုံးတွင် ဝတ်ဆင်ထားသော လက်ဝတ်ရတနာများနှင့် ချိပ်ဝတ်စုံတို့ပေါင်းလျှင်.. ကားကောင်းတစ်စီးပင် ဝယ်စီး၍ရလေသည်။

ချစ်ရပါသောနွယ်Where stories live. Discover now