ပြန်နေကျ တောလမ်းသွယ်သည် လူတစ်ယောက်လျှောက်စာမျှသာ အရာထင်လျက် လမ်းနှင့်မတူအောင်ပင် ကျဉ်းမြောင်းလေ၏။ လူအနည်းငယ်သာ အသုံးပြုကြောင်း သိသာလှပေသည်။ ကျေးဥသည် သဘက်အညိုအား ခေါင်းမှာပေါင်းလျက် တောင်းငယ်တစ်ခုကို ပိုက်ကာ လျှောက်လာနေသည်။ဒီကနေ့ သူမ ရွာမှ ထွက်ခဲ့တာ ဆယ်ရက်ပြည့်သည့် နေ့ပင်။ ယခုဆို သူမ ကြံစည်သမျှ အကောင်ထည်ပေါ် ကာ ပြီးမြောက်နေလောက်ပေပြီ။ သူမ ရွာမှာမရှိသည်ကို ဘယ်သူကမှ အရေးတယူ ဂရုစိုက်မိလိမ့်မည်မဟုတ်။ ဂရုစိုက်လိုလျှင်တောင် အာရုံမရလောက်အောင် အလုပ်ရှုပ်နေကြမည်သာ။ ဆရာက နောက်တစ်ရက်စောင့်ဖို့ပြောသော်ငြား မနေနိုင်စွာပဲ ရွာကို ပြန်လာခဲ့တာဖြစ်၏။ အမှန်တိုင်းပြောရရင် ထို ဆရာဟူသော လူအနားမှာ မနေလိုပေ။ လိုချင်တာရှိ၍သာ မချစ်သော်လည်း အောင့်ကာနမ်းနေရတာပင်။
ဆရာနဲ့ ဆုံခဲ့သည့်အကြောင်း တွေးမိတော့ ကျေးဥ မျက်လွှာ၌ အစ်မပုံရိပ်က ထင်ယောင်လာသည်။ လူမှန်းသိတတ်စတည်းက အပေါင်းအသင်းရယ်လို့မရှိ။ ရွာသူရွာသားများထံမှ မသိမသာရော သိသိသာသာပါ ရှောင်ဖယ်ခံထားရသော သူမသည် အကြောင်းရင်းကိုသိသည့်အခါမှာလည်း ကျေနပ်လက်ခံကာ အမေ့အနားမှာပဲ ခပ်ဆိတ်ဆိတ်နေခဲ့သူပင်။ လောဘဟူသည်မရှိ၊ အနည်းငယ်အထီးကျန်သည်ကလွဲလို့ သူမဘ၀မှာ နေပျော်ခဲ့သည်ပင်။ သို့သော် ထိုသို့သော မှောင်မိုက်သည့် သူမဘ၀ထဲသို့ အပြုံးလှလှနှင့် မိန်းကလေးဟာ နေရာယူလာခဲ့သည်။
ထိုမိန်းကလေးက သူမ၀တ်ဖို့ အ၀တ်ချုပ်ပေးသည်။ သူမပန်ဖို့ ပန်းသီပေးသည်။ သူမပျော်ဖို့ အမြဲပြုံးပြတတ်သည်။ အပယ်ခံမလေးကို အရေးတယူပြုကာ မေတ္တာအေးရိပ် ပေးစွမ်းခဲ့သည်။ ထိုမိန်းကလေးသည် သူမအတွက် သူငယ်ချင်း၊ သူမအတွက် အစ်မရင်း၊ သူမအတွက် ရင်ခုန်သံပိုင်စိုးရာလေးပင်။ ထိုအမျိုးသမီးကိုမှ မနှစ်သက်ရင် မချစ်ရင် မမြတ်နိုးရင် ကျေးဥဟာ နှလုံးသားရှိတဲ့လူတစ်ယောက်လို့ ဘယ်လိုများဆိုနိုင်မှာတဲ့လဲ။ ထိုအမျိုးသမီးအား အရာအားလုံးထက်ကို တန်ဖိုးထားရပါသည်။

YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...