(၂၃)

22 0 0
                                    


"နေရာအနှံ့ လူတွေ နာမကျန်းဖြစ်ခဲ့ရ၊ သေဆုံးခဲ့ရတယ်...လေသင့်ရုံနဲ့ လွင့်ပါလာသလားထင်ရတဲ့ ဒီရောဂါဟာ အဲ့ဒီနှစ်များတုန်းက အတော်ဒုက္ခပေးခဲ့သားမဟုတ်လား...ဒါပေမယ့် ထူးဆန်းအံ့ဖွယ်ကောင်းတာက ဒီရွာသားတွေ တစ်ယောက်မှ ရောဂါဝေဒနာမခံစားခဲ့ရတာပဲ..."

"ဗျာ..."

"ဟုတ်တယ် မောင်ကျော်စွာ...ဒီရွာသားတွေ ရောဂါဒဏ်ကိုမခံခဲ့ရဘူး..အိုကွာ ကုန်ကုန်ပြောရရင် တုပ်ကွေးကြီးရယ်လို့ နာမည်ပဲ ကြားဖူးခဲ့တယ်‌ဆိုလည်း မမှားပေဘူး...သုံးနှစ်နီးပါးကြာမြင့်ခဲ့တဲ့ ကပ်ဘေးကနေ အလွတ်ကြီး လွတ်ခဲ့ကြတာပေါ့...ဒီတစ်ခေါက်လည်း သုံးနှစ်သုံးမိုးလုံး ငါတို့တွေ ရွာပြင်ကို ဘယ်လိုအကြောင်းနဲ့မှ ခြေလှမ်းမရွေ့ခဲ့ကြရပြန်ဘူး...အဖြစ်ပျက်နှစ်ခုလုံးမှာ တူညီတဲ့အချက်က ဒီလို အပြင်မထွက်ရ စည်းကမ်းတစ်ခုတည်း မဟုတ်ဘူး...ဒီလို ဘေးဒုက္ခတွေ မလာခင်မှာ ‌ရာသီစာသီးနှံတွေ လှောင်ထားဖို့ ကိုတင့်က အမြဲသတိပေးခဲ့တဲ့ အချက်ရောပဲ...သူသတိပေးပြီး သိပ်မကြာခင်မှာ အဖြစ်ဆိုးတွေ စခဲ့တာချည်းပဲလေ...

ဒီလိုဆိုတော့ ရွာသားတိုင်းလိုလို ကိုတင့်ကိုအားကိုးလာ ယုံကြည်လာကြတယ်...ကပ်ဘေးက လွန်ခဲ့တာဟာလည်း ဆရာတော်နဲ့ ကိုတင့်တို့ရဲ့ ကာကွယ်စောင့်ရှောက်မှုလို့ မှတ်ယူခဲ့ကြတယ်...ရွာ့အရေးမှာ ကိုတင့်အဆုံးအဖြတ်ပါမှပြီးတဲ့အထိ ဖြစ်လာတာပေါ့...ကိုတင့်နဲ့ အခု ကျောင်းထိုင်ဆရာတော်ရဲ့ ညွှန်ကြားချက်တိုင်းက ငါတို့ကို ဘယ်လိုအရေးကမဆို ကာကွယ်နိုင်တယ်လို့ ယုံကြည်ထားကြတယ်...

ဒီလိုနဲ့ ကိုတင့်ဆုံးတဲ့အခါကျတော့  သူ့နေရာ အမွေဆက်ခံရသူက ကိုတင့်သွားလေရာ အမြဲပါတဲ့ အမောင်ဖြစ်လာတယ်ရော...အစကိုပြန်ကြည့်ရရင် ကိုတင့်ရဲ့ပြောင်းလဲလာမှု အားလုံးဟာ အမောင်ရောက်လာမှ ဖြစ်ပျက်လာတာမို့ အမောင့်ကို မွေးစားတဲ့ အဖိုးအခအနေနဲ့ ကိုတင့်ဟာ ရွာကို အန္တရာယ်တွင်းကနေ ကွယ်ပျောက်စေနိုင်တဲ့ မန္တန်တစ်ခုခု ရလာတယ်လို့ အတိအလင်းကို ယူဆထားကြတယ်ကွ...ကဲ ဒီလောက်‌ဆို အမောင့်ကို ငါတို့ရွာသားတွေ ဘာလို့ အားကိုးအားထားပြုနေရသလဲ  သိပြီမဟုတ်လား..."

ဇာတ်ဆရာအလိုကျWhere stories live. Discover now