Part 17

17 2 0
                                    

ယနေ့နဲ့ဆိုလျင် ကျွန်တော်သတိရလာသည်မှာ တစ်ပတ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ပုံမုန်လူများလို မလှုပ်ရှားနိုင်သေးသော်လဲ ဝှီးချဲဖြင့် သွားလာလို့တော့ ရနေပြီဖြစ်သည်။မြေမခဆိုသော ဆရာဝန်သည် ကျွန်တော်နဲ့အတော်အတန် ရင်းနှီးနေပြီလဲဖြစ်သည်။ထိုဆရာဝန်သည်နက်မှောင်သော ကေသာ၊ထူထဲသော မျက်ခုံး၊မတိုမရှည် မျက်တောင်မွှေးတို့ဖြင့် သွယ်ဝိုက်ထားသော မျက်အိမ်၊ကြည်လဲ့သော အသားအရေနှင့် အနည်းငယ်လေး ကွေးသော နှာတံကို ပိုင်ဆိုင်ထားသူဖြစ်လေသည်။လူချောဟုလည်း မဆိုနိုင် လူရည်လူသန့်ထဲတွင်ထိုဆရာဝန်ပါသည်မှာ ဧကန်ဖြစ်သည်။စကားပြောပုံမှာ နူးညံ့ညင်သာသည်ဖြစ်၍ ကျွန်တော်သည်ပင် အားကျရသူဖြစ်သည်။ဆရာဝန်လေး၏ ဂရုစိုက်မှုများသည် အရင်ကမောင်နဲ့မရဖူးသော အငွေ့အသက်များကိုပင် ကျွန်တော်ရနေသည်။ကျွန်တော့်စိတ်က ထင်နေသည်သာဖြစ်မည်။ကျွန်တော့်မောင့်အပေါ်သစ္စာ မဖောက်ချင်ပါ။မောင်နဲ့တွေ့ပြီး မောင်၏ဖြေရှင်းချက်ကိုလဲ ကျွန်တော်ကြားချင်သည်။မောင့်ကို သတိရတိုင်း ငိုရုံမှလွဲ၍ ကျွန်တော်ဘာမှမလုပ်တတ်။သတိရစိတ်တို့က
လူအား နှုံးချိစေလေသည်။ခရေပန်းတို့အားမြင်တိုင်း မောင့်ကို လွမ်းစိတ်က ထိန်းမရတော့ပေ။လွမ်းသည်ဆိုသော စကားထက် အနက်အဓိပ္ပာယ် ပိုပေါ်လွင်စေသောစကား ရှိ‌သေး‌လျင် ပြောပြချင်ပါဘိ။

ဆေးရုံအပြင်ဘက်ရှိ ခရေပင်အောက်တွင် တွေတွေလေးငေးမောနေသော ကျွန်တော့်၏ ကလေးငယ်လေးကို ကြည့်ကာ သက်ပြင်းဖွဖွသာချမိပါသည်။သူဝှီးချဲ စီးလို့ရသည့်နေ့မှစ၍ ထိုခရေပင်အောက်တွင်ထိုင်ကာ အမြဲငေးမောနေတတ်သည်။ဝမ်းနည်းရိပ်တို့ သန်းနေသော သူ့မျက်နှာအား ကျွန်တော်မမြင်ချင်ပါ။မမြင်ရက်သည်ဟု ဆိုလျင် ပိုမှန်ပါမည်။သူရှိရာနေရာသို့ ကျွန်တော်ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ဤကောင်လေးပျော်ရွှင်ဖို့ရန် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမည်ဟု နှလုံးသွင်းလျက်။
"အခရာမောင်"
နာမည်ခေါ်သံကြားရုံဖြင့် ထိုဆရာဝန်မှန်း ကျွန်တော် သိလိုက်သည်။ချိုသာသောအသံကြောင့်လဲ ပါမည်။
"ဗျာ ဆရာလေး ဂျူတီ ပြီးပြီလား"
"ဟုတ်တယ် ခရာရဲ့ ခုပဲပြီးတာ‌လေအဲ့တာ ခရာ့ကို ဒီမှာမြင်လို့ လာခဲ့လိုက်တာ"
"ဟုတ်ကဲ့"
စကားစတို့ ခဏပြတ်တောက်သွားလေသည်။လေထုတို့သည် ခရေရနံ့တို့ဖြင့် သင်းပျံ့လျက်။ကြွေကျနေသော ခရေတို့သည် လာကောက်ကြရန် နှိုးဆော်နေသယောင်။ခရေပန်းတို့ကို ကောက်ရန်ပြင်နေသော ကောင်လေးနဲ့ ထိုကောင်လေးကို ကူညီရန် လက်လှမ်းနေသော ဆရာဝန်လေးတစ်ယောက်တို့သည် လောကကြီးတွင် နှစ်ဦးတည်းသာ ရှိနေသည့်အသွင်။တိတ်ဆိတ်သော လေထုအား ဆရာဝန်လေးဘက်ကသာ စဖြိုခွင်းရမြဲဖြစ်သည်။
"ဟို...ခရာက ခရေကြိုက်တာလားဟင်"
ပန်းကောက်ပေးနေသော ဆရာဝန်လေးအား ဝှီးချဲပေါ်မှ ကောင်လေးသည် ခပ်ငေးငေးအကြည့်တစ်ချက်ဖြင့် တုန့်ပြန်ကာ အဖြေပြောလိုက်သည်။
"ဟုတ်တယ် ဆရာလေး ကျွန်တော်က ပန်းထဲမှာ ခရေကို အကြိုက်ဆုံးပဲဗျ"
"ဪ"
မြေမခ စကားတို့ တစ်ခဏအဆက်ပြတ်သွားသည်။ဘာပြောရမှန်း မသိ၍လဲဖြစ်သည်။
"ဒါနဲ့ ခရာကိုယ့်ကို ဆရာလေးလို့ မခေါ်ပါနဲ့လား"
"ဗျာ ကျွန်တော်က ကျွန်တော့်ကို ကုသပေးနေတဲ့ ဆရာဝန်မို့ လေးစားသမှုနဲ့ ဆရာလေးလို့ခေါ်လိုက်တာပါဗျ"
"ကိုယ်က ခရာ့ရဲ့ မိတ်ဆွေဖြစ်ချင်တာလေ အဲ့လို‌ကြီးမခေါ်စေချင်ဘူး"
"ဒါဆို ကျွန်တော်က ဘယ်လို ခေါ်ရမှာလဲဗျ"
"မခ"
"ဗျာ"
"ကိုယ့်ကို မခလို့ပဲ ခေါ်ပေးပါ ခရာ"
"ဟို...ကျွန်တော် နှုတ်မရဲဘူးဗျ"
"နောက်ကျ ရဲသွားလိမ့်မယ် ကိုယ့်ကို မခလို့ပဲ ခေါ်ပေးပါကွာ နော်...နော်...နော်လို့ ခရာ"
ကလေးလို ချွဲနေသော ဆရာဝန်လေးအား ကြည့်ကာ ကျွန်တော် ခေါင်းရမ်းရုံသာ တတ်နိုင်သည်။နှုတ်ခမ်းထက်တွင်လဲ အပြုံးတို့က ဝေဆာနေမည်ကို ကျွန်တော် ခံစားမိပါသည်။
"ဟုတ်ကဲ့ ကျွန်တော်ကြိုးစားကြည့်ပါ့မယ်"
"အခုကြိုးစားပြီးခေါ်လေ ကိုယ်နဲ့ရှိတုန်း လေ့ကျင့်လိုက်ပါလား ခရာရဲ့"
ကျွန်တော် ဒီကလေးဆရာဝန်အား တကယ်မနိုင်တော့ပါ။ပါးစပ်ကလေးဟကာ ကြောင်အမ်းနေသော ကောင်လေးကိုကြည့်ကာ ကျွန်တော်ရယ်ချင်စိတ်တို့အား အတင်းမြိုသိပ်ထားလိုက်ရသည်။ကျွန်တော်ရယ်လိုက်၍ မကြိုးစားတော့ရင် အခက်သား။ခရာရဲ့အပြုအမူတိုင်းက ကျွန်တော့်ကို တကယ်အသည်းယားစေပါသည်။
"မခ"
"ကိုယ်မကြားရဘူး ခရာရဲ့ နောက်တစ်ခေါက်ပြန်ခေါ်ပါလား"
"မခ"
"နောက်ထပ်တစ်ခေါက်"
"...."
"ခရာ မခေါ်တော့ဘူးလား"
ဒီကလေးဆရာဝန် ကျွန်တော့်ကို ညစ်နေသည်မှာ သိသာသည်။ထို့ကြောင့် ကျွန်တော့်အနားသို့ တိုးလားရန် လက်ယှက်ခေါ်လိုက်သည်။ထို့နောက် နားသို့ကပ်ကာ အာခေါင်သံဖြင့် စိတ်ပေါက်စွာ ခေါ်မိလိုက်သည်။
"မခ!!!!!!!!"
"အမလေး လန့်လိုက်တာ ခရာကလည်း ဖြေးဖြေးအော်ပါကွာ ကိုယ်နားမလေးပါဘူး
ဒါမဲ့ ခရာ့အသံလေးက ဩရှရှလေးနဲ့ နားထောင်လို့ ကောင်းတယ် သိလား"
ကျွန်တော့်ကို ဘုကြည့် ကြည့်ကာ ဟိုဘက်လှည့်သွားသော ကောင်လေးကြောင့် ကျွန်တော် ပြုံးလိုက်သည်။ဒီကောင်လေး ဘယ်လိုတွေကြောင့် ဒီလောက်ချစ်ဖို့ ကောင်းနေလဲမသိနိုင်တော့ပါ။

ပန်းခရေကို သက်သေတည် ‌ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)Where stories live. Discover now