မိုးမြင့်မောင် အိမ်သို့ရောက်သောအခါ တွေ့နေကျဖြစ်သော ရေတစ်ခွက်နဲ့ကြိုလင့်နေတတ်သူအား မတွေ့။ဧည့်ခန်းစားပွဲတွင်တော့ ရေတစ်ခွက် တင်ထားသည်ကို တွေ့လိုက်သည်။နေရာအနှံ့ လိုက်ရှာသော်လဲ မတွေ့သောကြောင့် ရက်ထဲစိုးထိတ်မိလာသည်။မှုံက အိမ်ပြင်သို့ ထွက်တတ်သူမဟုတ်ပေ။အိမ်တွင်နေကာ သူ့ဘာသာအေးဆေး နေတတ်သော မှုံသည် ခရီးထွက်ရသည်ကိုတော့ ခုံမင်သူဖြစ်သည်။ခရီးထွက်သွားသည်ဆိုပါကလဲ သူ့အားကြိုပြောထားမည်ဖြစ်သည်။အကျိုးအကြောင်း မပြောပြသွားသောကြောင့် မိုးမြင့်မောင် စိတ်ထဲ ဈေးဝယ်သွားသည်ဟု မှတ်လိုက်သည်။အိမ်အနှံ့လိုက်ရှာကာ မတွေ့သဖြင့် မိုးမြင့်မောင် ရေမိုးချိုးကာ ဧည့်ခံထဲတွင် ထိုင်ကာ သတင်းစာတစ်စောင်အား ဖတ်နေလိုက်သည်။အချိန်တော်တော်လင့်နေသည်အထိ မှုံပြန်မရောက်သောကြောင့် မိုးမြင့်မောင် ကားသော့ယူကာ မှုံ့ကို ထွက်ရှာရန် ကားဆီဦးတည်ခဲ့လေသည်။ကားလေးသည် ခြံဝင်းထဲမှ တစ်လှိမ့်ခြင်း လှိမ့်ကာ အိမ်ရှေ့အရောက် မှုံ့ကိုတွေ့ရင်ဖြင့် ရတက်အေးရလေသည်။
"မှုံ"
"ကိုမိုး ဘယ်သွားမလို့လဲ"
"ကိုယ် မှုံ့ကို လိုက်ရှာမလို့လေ မှုံက တစ်ခါမှ အိမ်ပြင်ကို ဒီအချိန်ကြီးထိ မနေတတ်ဘူးလေ ဘယ်တွေသွားလာတာလဲ"
"ဟို မှုံတို့ အိမ်ထဲအရင်ဝင်ကြမယ်လေ"
"ဪ အေးအေး ကိုယ် ကားမောင်းလာခဲ့မယ် မှုံ အရင်ဝင်သွားလိုက်နော်"
ဧည့်ခန်းရှိဆိုဖာပေါ်ဝယ် နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်လိုက်လေသည်။ပန်းအိုးထိုးထားသော နှင်းဆီပန်းတို့က ငွင့်ငွင့်စွားစွား ပွင့်လန်းကာ ရနံ့တို့အား အပြိုင်လွှင့်လျက်။တိတ်ဆိတ်နေသော အခြေအနေကို မိုးမြင့်မောင် ချောင်းတစ်ချက်မျှဟန့်ကာ အသက်သွင်းလိုက်လေသည်။
"မှုံ"
"ရှင်"
"မှုံ ဘယ်တွေသွားနေတာလဲ ကိုယ်ဘယ်လောက်စိတ်ပူနေရလဲဆိုတာကော မှုံသိရဲ့လား"
"ဟို ဟို မှုံတောင်းပန်ပါတယ်၊ ကိုမိုးစိတ်ပူတယ်ဆို နောက်ပြောပြီးမှ အပြင်ထွက်ပါ့မယ်"
"နောက်ဆို ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာကို ဖုန်းတော့ဆက်ကြားလား၊မဆက်ဖြစ်ရင်တောင် မက်စ်ဆေ့ခ်ျပို့လိုက် ကြားလား မှုံ"
"ဟုတ်ကဲ့ပါ ကိုမိုးရဲ့ ဟီး..,ဟီး"
မှုံ ဇက်ကလေးပုကာ လျှာထုတ်ပြမှ မိုးမြင့်မောင် နှုတ်ခမ်းများကွေးတတ်သွားလေသည်။
မှုံပျော်ပါသည်။ကိုမိုးက မှုံ့ကို စိတ်ပူသည်တဲ့။ကိုယ်ချစ်ရတဲ့ လူက ကိုယ့်ကို နွေးထွေးပြလိုက်သည်မှာ ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်သလဲလေ။
"ဟို ကိုမိုး မှုံထမင်းပွဲ သွားပြင်လိုက်တော့မယ်နော် ကိုမိုး ဆာပြီမလား"
"အွန်း ပြင်တော့လေ မှုံ ကိုယ်လဲ ဗိုက်ဆာနေတာ"
"ဟုတ် ဒါဆို မှုံသွားပြင်လိုက်ဦးမယ် ခဏစောင့်နော် ကိုမိုး"
မှုံထသွားသည်နှင့် မိုးမြင့်မောင် ဖတ်လက်စ သတင်းစာကို ဆက်ဖတ်နေလိုက်သည်။
"မှုံရေ ....သမီးမှုံ"
အိမ်ရှေ့မှ ခေါ်သံကြောင့် မိုးမြင့်မောင် ဖတ်လက်စ သတင်းစာအား ချကာ တံခါး သွားဖွင့်ပေးရလေသည်။မှုံကတော့ ကြားမည်မထင်။
"ဟော ကြီးမေပါလား ဝင်ခဲ့ပါဗျ"
မိုးမြင့်မောင် ခြံတံခါးအား လူတစ်ကိုယ်စာ ဝင်ဆံအောင် ဆွဲဖွင့်ပေးလိုက်သည်။ကြီးမေကတော့ ပြုံး ပြုံး ပြုံး ပြုံး ဖြင့် ခြံထဲဝင်ကာ မိုးမြင့်မောင်အား ရွန်းရွန်းစားစားကြီး ကြည့်နေလေသည်။
"ကြီးမေ"
"ရှင့်"
"လက်ထဲက ဘာတွေလဲ"
"မှုံ့အတွက် ကြက်သားမြူစွမ်လေးလေ"
"ဗျာ!! ဪ ဟုတ်ကဲ့ ဒါနဲ့ ကျွန်တော်တို့အိမ်မှာ လူနာမရှိဘူးလေ ကြီးမေရဲ့"
"ဪ မင်းနှယ်လဲ ခက်သကိုးကွဲ့"
"ဘာခက်တာလဲ ကြီးမေ"
"ဟောတော့ မင်းမိန်းမက မင်းကို ဘာမှမပြောပြရသေးဘူးလား"
"သူက ဘာပြောရမှာလဲ ကြီးမေ"
"ဒီလိုကွဲ့ ညနေက မင်းအိမ်ကို ကြီးမေလာသေးတယ် လူကိုအော်ခေါ်တော့လဲ ထွက်မလာကြဘူးလေ ခြံတံခါးကလဲ ပွင့်နေတာဆိုတော့ ကြီးမေလဲ အိမ်ထဲဝင်လာတာပေါ့ကွယ် အဲ့ဒီမှာ မင်းမိန်းမဖြစ်တဲ့ မှုံက ဟောဒီကြမ်းခင်းကြီးမှာ လဲနေပါရောလားကွယ်"
မာန်ပါပါ ပြောပြနေသော ကြီးမေမှာ မောသွားဟန်ရှိသည်။ခဏအမောဖြေနေသော ကြီးမေအား မိုးမြင့်မောင် တအံ့တဩငေးကြည့်ကာ
"ဗျာ!!! မှုံက လဲကျနေတာ"
"အေးအေး မင်းနှယ် ဖြေးဖြေးအော်ပါ ကြီးမေ လန့်လွန်းလို့ ဒါနဲ့ မှုံလေးရော"
ပြောမယ့်စကား မဆက်သေးသော ကြီးမေကို ဘုတစ်ချက်ကြည့်ကာ
"မီးဖိုခန်းထဲမှာဗျ ထမင်းပွဲပြင်နေတယ်"
"ဟဲ့ ဒီကလေးနှယ် ခုကစပြီး မင်းမိန်းမကို အဲ့အလုပ်တွေ သိပ်မလုပ်စေနဲ့ အလေးအပင်မတာတွေ ရှောင်ခိုင်းဦး"
"ဟာ ကြီးမေကလဲ ခါတိုင်း မှုံလုပ်နေကြပဲလေ
ပြီးတော့ မှုံလဲကျပြီး ဘာဖြစ်သွားသေးလဲ ဆက်ပြောဦး ကျွန်တော် ရင်မောလှပြီဗျ"
ကြီးမေက ခေါင်းတငြိမ့်ငြိမ့်ဖြင့်
"ဪ အေး မင်းမိန်းမလဲကျနေတော့ ငါလဲပျာသီးပျာယာပေါ့ကွယ် ဘာလုပ်လို့ဘာကိုင်ရမှန်းလဲ မသိတော့ဘူးလေ အဲ့ဒါနဲ့ ငါ့အိမ်က မောင်ပြူးကို ခေါ်လာပြီး ဆေးခန်းပြေးကြရတယ်ကွယ် အမ် ဆေးခန်းရောက်တော့ ဆရာဝန်က မှုံ့မှာ....."
စကားကောင်းနေစဉ် မှုံဝင်လာတာကြောင့် အစပြတ်သွားလေသည်။
"အဲ ဟို ကြီးမေ ရောက်နေတာလား လာလေ ထမင်းတစ်ခါတည်း ဝင်စားလိုက်ပါလား မှုံ ထမင်းတွေ ဟင်းတွေ အများကြီး ချက်ထားပါတယ်"
"ရပါတယ် မှုံလေးရယ် ကြီးမေ စားလာပြီးပါပြီကွဲ့ ဒါနဲ့ ဒီမှာ မှုံလေးအတွက် ကြီးမေ မြူစွမ် ယူလာတယ်ကွဲ့"
ကြီးမေအပြောကြောင့် မှုံ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်ကို မိုးမြင့်မောင် မြင်လိုက်ပါသည်။
"ဟို ဟို အဲ အားနာစရာကြီး "
"မလိုပါဘူးတော် မလိုပါဘူး ကဲကြီးမေပြန်တော့မယ် ထမင်းစားကြတော့မယ်ဆိုတော့ ပြန်မယ်ကွယ် "
"ဟုတ်"
မှုံခေါင်းလေးငုံ့ကာ ဖြေလိုက်လေသည်။
"ကျွန်တော် ခြံရှေ့ထိ လိုက်ပို့မယ်လေ ကြီးမေ"
"အေးအေး"
မိုးမြင့်မောင်သည် မှုံ့အား တစ်ချက်ကြည့်ကာ ကြီးမေအား တွဲခေါ်သွားလေတော့သည်။မှုံလဲ ထမင်းစားခန်းထဲသို့ ပြေးဝင်သွားကာ ကိုမိုးအလာအား ထိုင်စောင့်နေလိုက်တော့သည်။
ခြံရှေ့အရောက် ကြီးမေးကို လိုက်ပို့ပြီး တံခါးပိတ်စဉ် ကြီးမေ၏ပြောစကားကြောင့် မိုးမြင့်မောင်ရင်ထဲ အမည်မသိနိုင်သော ခံစားမှုများနှင့်အတူ လှိုင်းလုံးကြီးများ တဘုတ်ဘုတ် ရိုက်ခတ်သွားလေသည်။ကြီးမေပြောလိုက်သည်က
"မင်းတော့ သားသားလေးလား မီးမီးလေးလားမသိဘူး ရတော့မယ် မောင်မိုး၊မင်းတော့ ကလေးအဖေဖြစ်ပြီကွဲ့၊မှုံ့မှာ ကိုယ်ဝန်ရှိနေပြီ"တဲ့။
ကြီးမေပြန်သွားသော်လဲ ခြံရှေ့တွင် တုပ်တုပ်မျှမလှုပ်သေးသည်က မိုးမြင့်မောင်။
YOU ARE READING
ပန်းခရေကို သက်သေတည် ရောင်ခြည်ဖြာမှ လန်းစေချင်(ခေတ္တရပ်နား)
Short StoryUnicode ပန်းခရေငယ်... ဝေသော်လည်းမွှေး... ကြွေသော်မွှေးပျံ့... ရနံ့စွဲစွာ... ရင်မှာကျန်နေ... မြင်သူ ရူတင့်... မြတ်နိုးလှသူ... နှလုံးသားငယ်... ဤရပ်ဝန်းတွင်... ရောင်ခြည်ဖြာမှ....လန်းစေချင်ဘိ... DuWaLi ZawGyi ပန္းခ...