အခန်း - ၁၄

79.8K 5.6K 1.6K
                                    

UNICODE

ကောင်းကင်မှာ အမှောင်ထု လွှမ်းလာပေမဲ့ ဝန်းကျင်တစ်ခွင်မှာ လှုပ်ရှားသက်ဝင်နေဆဲ။ ပြန်လာတဲ့ လမ်းတစ်လျှောက် ရရ လက်ကို မလွှတ်တော့တဲ့ ကိုကိုက စကားတစ်ခွန်းမှ ထပ်မပြော။

သတိလွတ်သွားတိုင်း ရရ လက်ဖဝါးဆီ အားကိုးတကြီး ဖိညှစ်လာပေမဲ့ သတိဝင်လာတိုင်း ခပ်ဖွဖွလေး ပွတ်သပ်နေပြန်တယ်။ မကြာခဏ သက်ပြင်းရှိုက်နေတဲ့ ကိုကိုက တစ်ချက်တစ်ချက်မှာ မြေပြင်ကို ငေးနေရင်း ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြန်သေးတယ်။

ကိုကို ဘာတွေ တွေးနေမလဲ။

ကိုကို့ဆီမှာ ပျောက်ဆုံးခဲ့ရတာတွေ သိပ်များမှန်း ရရ သိပါတယ်။ ညီမလေးကို ဆုံးရှုံးထားပြီး ဖြေမဆည်နိုင်သေးချိန်မှာ မိခင်ဆိုသူက ပြန်ပေါ်လာပြီး ညီမလေး အသစ်တစ်ယောက်နဲ့ အစားလာထိုးခြင်း ခံရတဲ့ ကိုကို့ စိတ်နှလုံးဟာ ဘယ်လောက်များ ပျက်သုဉ်းနေမှာလဲ။

ကာလအတန်ကြာ မေ့လျော့ထားခဲ့တဲ့ ဒဏ်ရာက ကိုကို့ကို ဘယ်လောက်တောင် ကိုက်ခဲနေမှာလဲ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ဒဏ်ရာ လာမပေးနိုင်တဲ့ ရပ်ဝန်းမှာသာ ကိုကို့ကို ရှင်သန်စေချင်ပါတယ်။ ထုတ်မပြောဖြစ်တဲ့ စကားလုံးတွေနဲ့ ချစ်ရသူကို ငေးကြည့်ဆဲမှာ မိုးပေါက်ကလေးတွေ ခပ်စိပ်စိပ် ကျဆင်းလာတယ်။

သတိဝင်လာတဲ့ ကိုကိုက အပေါ်ထပ် ဂျာကင်ကို ခပ်မြန်မြန် ဆွဲချွတ်တယ်။ ရရ ငေးနေဆဲမှာ ခေါင်းပေါ် လွှားခြုံပေးခြင်း ခံရတာ ကိုကို့မေတ္တာ။ ပြီးတာနဲ့ ရှေ့တည့်တည့်ကို အကြည့်ပြန်ပို့တဲ့ ကိုကိုက ရရ လက်တစ်ဖက်ကို ခုနကအတိုင်း ပြန်ဆုပ်ကိုင်တယ်။

"ကိုကို ဒီကိုလာ"

ခေါင်းပေါ်က ဂျာကင်ကို အသာလှစ်ဟပြတော့ ကိုကို ခေါင်းခါတယ်။

"ကိုကို ဖျားလိမ့်မယ်"

"ကိုယ်က ရပါတယ်"

"ဒါဆို ရရလဲ မဆောင်းတော့ဘူး"

ဂျာကင်ကို ဆွဲချမဲ့ဟန်ပြင်တော့ ကိုကိုက ဖမ်းဆွဲပြီး သက်ပြင်းချတယ်။ ကိုကို့ကို စိတ်ရှုပ်စေလိုတာ မဟုတ်ဘဲ နာကျင်စရာတွေ တွေးမဲ့အစား ကိုကို့အာရုံက ရရဆီမှာ ရှိစေချင်တာ။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now