အခန်း - ၁၉

70.8K 5.4K 1.6K
                                    

UNICODE

ညစာစားပြီးမှ ထွက်လာကြတာမို့ Night Safari ကို ရောက်တော့ ၇ နာရီ ထိုးပြီ။ Night Safari ဆိုတဲ့အတိုင်း ပတ်ဝန်းကျင်ကို သဘာဝအတိုင်း အမှောင်ချထားတဲ့ တောကြီးမျက်မည်းထဲကို ကားနဲ့ လည်ပတ်ရမှာ ဖြစ်ပြီး သူ့အတွက်က ထူးခြားမှု မရှိပေမဲ့ ချာတိတ်လေးကတော့ မြူးတူးနေတာပါပဲ။

ရှားပါး တိရစ္ဆာန်ပေါင်း မြောက်မြားစွာ ရှိတဲ့ ဒီနေရာမှာ တိရစ္ဆာန်တွေကို အရိုင်းနဲ့ အယဉ် ဆိုပြီး သီးခြားစီ ခွဲထားပါတယ်။ ပါလာသမျှ မုန့်တွေကို တိရစ္ဆာန်လေးတွေဆီ ခွဲဝေကျွေးရင်း သွားတက်ကလေး ပေါ်အောင် ရယ်တတ်တဲ့ ကလေးကြောင့် Night Safari က တစ်မုဟုတ်ချင်း လင်းထင်းလာသလို။

တခြား ခရီးသည်တွေနဲ့ အတူစီးနေရတဲ့ ဥယျာဉ်ပတ်ကားကြီး ဆိုတာ မေ့မေ့သွားတဲ့ သူက ရယ်သံလေး ကြားရတိုင်း အကြည့် မလွှဲဖယ်နိုင်။ ဒီမျက်နှာလေးကို အနီးကပ် ငေးရတိုင်း သူ့နှုတ်ခမ်းတွေ ကွေးညွှတ်နေတတ်တာ အကျင့်တစ်ခု ဖြစ်လာတယ်။

ထိုင်ခုံပေါ်ကနေ ခန္ဓာကိုယ်ကို ဘေးတစောင်း ရွှေ့ထိုင်ပြီး တိရစ္ဆာန်တွေကို ချာတိတ်က လိုက်ကြည့်နေသလို၊ ရှေ့ခုံ ကျောမှီကို တံတောင်နဲ့ လှမ်းထောက်ထားတဲ့ သူကတော့ ချာတိတ် မျက်နှာလေးကို ကြည့်ရင်း အပြုံးတွေ သီရင်းပေါ့။

တောကြီးရဲ့ တစ်နေရာ ရောက်တော့ လေချွန်သံလို စူးခနဲ ထိုးအော်လိုက်တဲ့ အသံကြောင့် အပေါ်အောက်မကျန် ခေါင်းလေးကို ချာချာလည်မတတ် လိုက်ကြည့်တယ်။ အသံကြားပါလျက် အကောင်အထည် မမြင်ရတဲ့အခါ သူ့ဘက် လှည့်ကြည့်ပြီး...

"ကိုကို"

"အင်း"

"အဲ့တာ ဘာကောင်လဲဟင်"

"ငှက်"

"ဘာငှက်လဲနော်"

"ခင်ဗျားနဲ့ တူတဲ့ ငှက်"

ရုပ်တည်နဲ့ သူဖြေတော့ နှာခေါင်းလေး ရှုံ့ရင်း ရယ်တယ်။

"ကိုကိုကလဲ"

ချစ်စဖွယ် ကလေးလေးက သူ့ဘေး တိုးလာတာ လှစ်ခနဲ။ ဥယျာဉ်ထဲ စဝင်ကတည်းက သူ့ကို ပစ်ထားပြီး တိရစ္ဆာန်တွေဆီ အာရုံရောက်နေတာကို မကြည်လင်ပေမဲ့ ထုံးစံအတိုင်း သူ့လက်မောင်းပေါ် ပါးမှီလာအပ်တော့ နဂိုမခိုင်တဲ့ စိတ်က ဖျိုးဖျိုးဖျတ်ဖျတ် ယိုင်ချင်တယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now