အခန်း - ၂၀

76.6K 5.5K 1.8K
                                    

UNICODE

"တောက်"

တောက်ခေါက်ပြီး နာရီ လှမ်းကြည့်တော့ ၁၂ နာရီ ခွဲပြီ။ သူ့မျက်စိအောက်မှာ ချာတိတ် မရှိတာ တစ်နာရီတိတိ။ သက်ပြင်းကို မကြာခဏ ရှိုက်နေပြီး အခန်းထဲ ပတ်လျှောက်နေတာ ဘယ်နှပတ်မှန်း မသိ။ ရုပ်တည်ကြီးနဲ့ နေခဲ့ပြီးမှ လိုက်ခေါ်ရနိုး၊ မခေါ်ရနိုး ဝေခွဲရခက်နေတယ်။

ခေါ်တုန်းကကျ လိုက်မသွားဘဲ အခုမှ လိုက်သွားရင် လူငယ်တွေကြား သူ အဟားခံရမှာ။

ဗရုတ်သုတ်ခ အခြေအနေ ဖြစ်ပြီး အခန်း ပြန်ရောက်ကတည်းက နှစ်ယောက်သား စကား မပြောဖြစ်ကြဘဲ ကိုယ်လက်သန့်စင်ပြီး ဆိုဖာပေါ် နေရာ သွားဦးထားတဲ့ လူပေါက်စကို သူ ဘယ်လို လုပ်ရမယ် မသိခဲ့။

ပုံမှန်အတိုင်းဆို ကုတင်ပေါ် လာအိပ်ဖို့ ရုပ်တည်နဲ့ အမိန့်ပေးမိမှာ ဖြစ်ပေမဲ့ လတ်တလော ကြုံထားရတဲ့ အနမ်းကြောင့် သူကိုယ်တိုင် ကတုန်ကယင်။ တောင်းပန်ချင်ဟန် မျက်နှာလေးနဲ့ မကြာခဏ လှမ်းကြည့်တာကို သူ သိတာပေါ့။

ကိုယ့်ဒုက္ခနဲ့ ကိုယ်မို့ မျက်နှာချင်း မဆိုင်တာကို ချာတိတ်လေးက နားလည်ပုံမရ။ သူ စိတ်ဆိုးသွားတယ်ပဲ တစ်ထစ်ချ မှတ်နေဟန်။ ရယ်လဲရယ်ချင်၊ သနားလဲသနား ဆိုပေမဲ့ ချာတိတ်အနား သွားကပ်လိုက်ရင် သူ အကြွေးတောင်းချင်စိတ် ပေါက်သွားမှာ။

ဒီလိုနဲ့ ၁၁ နာရီခွဲမှာ အခန်းတံခါးကို တဒုန်းဒုန်း ထုသံတွေ ကြားရတော့တာပဲ။ အထူးခန်း ယူထားတာမို့ ဘေးခန်းတွေက မနှစ်မြို့ဟန် ထွက်ကြည့်ကြတယ်။ ဆူညံဆူညံ အသံတွေ ကြားကတည်းက ဝန်ထမ်းလေးတွေ အပြေးရောက်လာပြီး မျက်စိမျက်နှာ ပျက်နေကြပေမဲ့ လူရင်းတွေလို့ ပြောထားပုံကြောင့် မတားရဲကြ။

အတင်းဆွဲခေါ်သံ၊ ဇွတ်ငြင်းသံတွေ ကြားနေရပေမဲ့ ခဏနေတော့ ဘေးခန်းတွေကို အားနာဟန်နဲ့ ချာတိတ် သူ့ကို ခွင့်လာတောင်းတယ်။ မကြည်ဖြူပေမဲ့ ငယ်သူငယ်ချင်းတွေမို့ လက်ခံလိုက်ရပြီး သူတစ်ယောက်တည်း မှုန်ကုပ်ကုပ်နဲ့ ကျန်ရစ်ခဲ့တယ်။

မျက်စိနောက်စရာ အရွယ်ကလေးတွေကြား လိုက်သွားလဲ သူ့အတွက် အဆင်ပြေမှာမဟုတ်။ ချာတိတ်ကို ပွတ်သီးပွတ်သပ် လုပ်နေတာ မြင်ရင် နားရင်းဖြစ်ဖြစ် ထအုပ်မိတော့မှာ။ ဒီလိုဆို နေရင်းထိုင်ရင်း လူကြီးလူကောင်း မပီသဘူးလို့ အစွပ်စွဲခံရအုံးမှာ။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Donde viven las historias. Descúbrelo ahora