အခန်း - ၂၆

70.7K 5.2K 1.6K
                                    

UNICODE

နားနေခန်းမှာ ထိုင်နေရင်း စိတ်တွေက ဟိုရောက် ဒီရောက်။ မနေ့က ဘက်ကီရဲ့ ဆေးကုသမှု မှတ်တမ်းတွေ လက်ရုံးဆီက လှမ်းတောင်းခဲ့ပြီးနောက် သူ့မိတ်ဆွေ စိတ်ပညာအထူးကုနဲ့ ဒီတစ်မနက်လုံး တိုင်ပင် ဆွေးနွေးကြည့်ပြီးပြီ။ ဘာကြောင့် ဒီလောက်ထိ လုပ်နေလဲ ဆိုရင် အောင်မောင်းမှာ ဖြေစရာ တစ်ခုပဲ ရှိပါတယ်။

ဒါက အလွန်အကျွံ စိတ်မကောင်းဖြစ်ရခြင်းပါပဲ။

ဘက်ကီသာ စိတ်ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား ရှိသူ ဆိုရင် အချက်အလက်တွေကို ပြပြီး သူ ကိုယ်တိုင် အာကြီးကို တောင်းပန်ပေးချင်တယ်။ ဘက်ကီက နေမကောင်းသူမို့ ဒီလို ပြစ်မှုကို ကျုးလွန်ခဲ့တာပါလို့ နှစ်သိမ့်ပေးချင်ပေမဲ့ လက်ရုံးက တစ်ခါတည်း ဝန်ခံသွားတယ်။

"ဘက်ကီမှာ ထရော်မာ ၁၀ ရာခိုင်နှုန်း ရှိတယ် ဆိုရင် ကျန် ၉၀ ရာခိုင်နှုန်းက သူ့အတ္တပါ" တဲ့။

ဒါကို ကြားပြီးကတည်းက သူ နွမ်းလျသွားတော့တာပဲ။ အာကြီး ဘယ်လောက်တောင် တုန်လှုပ် ခြောက်ခြားခဲ့ရမလဲ သူ သိပြီးသားပါ။ အဲ့ဒီနေ့က မပြောကောင်း မဆိုကောင်း တစ်ခုခုသာ ဖြစ်ခဲ့ကြမယ် ဆိုရင် အာကြီး အသက်တောင် ရှင်သန်နိုင်ပါ့မလား မသိ။

အာကြီးဘဝ တစ်ခုလုံးမှာ ပြေးကြည့်စရာ၊ မျှော်ကြည့်စရာ၊ ပိုင်ဆိုင်ရာ ဆိုလို့ မိုးရာသီလေးပဲ ရှိတယ် မဟုတ်လား။ အချစ်ဆုံး သူငယ်ချင်းက ကိုယ့်ပယောဂ မကင်းဘဲ နာကျင်ကွဲအက်ခဲ့ရတာမို့ ဒီရက်တွေမှာ အောင်မောင်း အိပ်လို့တောင် မပျော်။

ဒီတစ်ပတ်လုံး အာကြီးဆီ ဆက်သွယ် မရတာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ကိုယ့်အပြစ် မကင်းဘူး ဆိုတဲ့ စိတ်အပြင် မိုးရာသီလေးက အနိုင်ကျင့် ခံရလုနီးပါး ဖြစ်ခဲ့တာမို့ ဘယ်လောက်တောင် ကြောက်ရွံ့သွားမလဲ တွေးမိတိုင်း ဖြေမဆည်နိုင်။

အာကြီး အကြောင်းကို ဒိန်းမတ်မှာ အတူ ရှိကြစဉ်တည်းက မောင်နှမနှစ်ယောက်လုံး ကောင်းကောင်း သိပါတယ်။ ဘယ်အမျိုးသား၊ ဘယ်အမျိုးသမီးနဲ့မှ ပတ်ပတ်သက်သက် မရှိတတ်တဲ့ အာကြီးက သူ့ထောင့်ချိုးထဲမှာ သူ့စည်းစနစ်နဲ့သူ အမြဲတမ်း နေထိုင်ခဲ့တာမို့ ရုတ်တရက် လက်ထပ်လိုက်တယ် ကြားတော့ တေးရတု မျက်လုံးပြူးတာလဲ မဆန်း။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Où les histoires vivent. Découvrez maintenant