အခန်း - ၃၃

61.7K 4.4K 1.2K
                                    

UNICODE

ရောက်နေတဲ့ နေရာက စင်္ကာပူနိုင်ငံရဲ့ Central Area ထဲမှာ ဖြစ်ပြီး ဆိတ်ငြိမ်အေးချမ်းလွန်းတဲ့ ကော်ဖီဆိုင်လေး တစ်ခုအတွင်းမှာ။

အဆက်အသွယ် ရပြီ ဆိုကတည်းက လုပ်လက်စတွေ အားလုံး ပစ်ချခဲ့ပြီး စင်္ကာပူထိ တစ်ယောက်တည်း ခရီးဆန့်လာခဲ့မိတယ်။ ရောက်ကတည်းက အတော်အတန် ပြောဆိုပြီးကြပြီ ဆိုပေမဲ့ သူတို့ကြားမှာ အခုထိ လိုရင်း မရောက်သေး။

မတွေ့ခင်ကတော့ ပြန်တွေ့ရင် ကောင်းကောင်း ဆူပစ်လိုက်ဖို့ တေးထားပေမဲ့ မျက်နှာချင်းဆိုင် ဆုံပြန်တော့ နာအောင် မပြောရက်။ စကားတွေ ပြောလိုက်၊ နှစ်ယောက်ကြားမှာ တိတ်ဆိတ်သွားလိုက် အခြေအနေကို မနှစ်မြို့တာမို့ စကားဝိုင်းကို နောက်တစ်ကြိမ် ပြန်စဖို့ လည်ချောင်း အရင် ရှင်းလိုက်မိတယ်။

"ဒီအတောအတွင်း ဘယ်တွေ ရောက်နေခဲ့သလဲ မြမြသင်း၊ အပြစ်တင်ချင်တာ မဟုတ်ပေမဲ့ မြမြသင်းသာ ပျောက်ကွယ် မသွားရင် အန်ကယ့် သားငယ်လေး အခုလို ဖြစ်သွားခဲ့မှာ မဟုတ်ဘူးလေ၊ အဇဋာတင်မက အန်ကယ်တို့ တစ်မိသားစုလုံး မြမြသင်းကို တစ်လျှောက်လုံး ရှာနေခဲ့တာပါ"

လေပြေနဲ့ ပြောလိုက်ပေမဲ့ မြမြသင်း ပါးပေါ် မျက်ရည်တွေ စီးကျလာတာမို့ စိတ်မကောင်း ဖြစ်သွားမိတယ်။ ဘာလို့ ပျောက်ကွယ်သွားမှန်း သိနေပါလျက် ဒီမေးခွန်းကို သူ မမေးလိုက်သင့်။ ဘာပဲဖြစ်ဖြစ် မြမြသင်းဆိုတာ သက်လျာနဲ့အတူ သူတို့အိမ်မှာ လိုက်နေဖူးသူမို့ ထောက်ထားစရာ သံယောဇဉ်တွေ ရှိခဲ့တာတော့ အမှန်ပါ။

"သက်လျာက ကျွန်မ စောင့်ရှောက်ပေးရတဲ့ ကလေး ဆိုတာထက် ကျွန်မ ညီမလေးပါ အန်ကယ်မျိုး"

ပြောပြီးတာနဲ့ အပြစ်ရှိသူ တစ်ဦးလို မြမြသင်းက ခေါင်းငုံ့သွားတယ်။ ခုံပေါ်တင်ထားတဲ့ အညိုရောင် သရေအဖုံးလေးနဲ့ စာအုပ်ကလေးကို ဖွဖွပွတ်သပ်ရင်း သက်ပြင်း ရှိုက်နေပြန်သေးတယ်။

"သွေးတစ်စက်တောင် မနှောပေမဲ့ အဇဋာနဲ့ သက်လျာက ကျွန်မအတွက်တော့ သွေးရင်းတွေလို တွယ်တာရပြီး ကရုဏာ ပိုခဲ့ရတဲ့ ကလေးတွေပါ အန်ကယ်၊ သက်လျာအပေါ် ကျွန်မ ဘယ်လို သဘောထားခဲ့သလဲ ဆိုတာ အန်ကယ်တို့လဲ မြင်တွေ့ခဲ့မယ် ထင်ပါတယ်"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now