💕 Z.O.K 🌹 5

3.7K 183 12
                                    

✍️ Unicode

" ငါတို့က Cooking club ကိုဝင်မှာနော်... ဦးခေတ် နင်ရောလိုက်ဝင်မှာလား...... "

ဈာန်ဦးခေတ်ခေါင်းကိုဘယ်ညာအသာယမ်းလိုက်တဲ့အခါ လှစ်ခနဲပြုံးသွားတဲ့ ရောင်စဉ်ခြယ့်နှုတ်ခမ်းတွေကို ဈာန်ဦးခေတ်သတိထားမိလိုက်သားပဲ။

" ဒါဆို နင်က ဘယ်အသင်းကိုဝင်မှာလဲ...... "

" Music club...... "

" ဟဲ့... နင် ဝါသနာပါလို့လား...... "

" နင်ကော ချက်တာပြုတ်တာ ဝါသနာပါလို့လား‌ရောင်စဉ်ရာ... မီးဖိုထဲဝင်ရတာတောင်မကြိုက်ဘူးဆိုတဲ့သူက အချက်အပြုတ် club ဝင်မယ်ဆိုပြီး...... ငါဂီတ club ကိုဝင်တာကိုကြမှ ဝါသနာပါလို့လားဆိုတော့ နည်းနည်းတော့ ရယ်စရာကောင်းမနေဘူးလား...... "

ရောင်စဉ်ခြယ်ဆက်မပြောတော့။ပြောစရာလဲရှိမှမရှိဘဲ။ချက်တာပြုတ်တာဝါသနာပါလို့မဟုတ်ဘဲ အောင်ဘုန်းခေတ်ရှိနေလို့ အချက်အပြုတ် club ကိုဝင်တယ်ဆိုတာ ဈာန်ဦးခေတ်သာမက မေစိမ်းသူနဲ့ ဂျူးဆက်သွယ်ပါသိနေကြတာပဲ။

မိန်းကလေးတွေသုံးယောက်လုံး Cooking club ကိုဝင်ကြမှာမို့ Music club မှာကျန်ခဲ့မှာက ဈာန်ဦးခေတ်တစ်ယောက်တည်း။အမြဲတမ်းတတွဲတွဲမခွဲခဲ့ကြသူတွေက အခုတော့ အောင်ဘုန်းခေတ်ကြောင့် ဈာန်ဦးခေတ်တစ်ယောက်တည်းကျန်ခဲ့တော့မတဲ့လား။

ဒါပေမဲ့ ပြဿနာမရှိ။အခြားသူတစ်ယောက်နဲ့ကြည်နူးနေမဲ့ အသဲနင့်အောင်ချစ်ရသူကိုကြည့်နေရတာထက်စာရင် တစ်ယောက်တည်းလွမ်းနေရတာကပိုကောင်းတယ်မဟုတ်လား။

ချစ်ရသူကိုပူပန်စိတ်နဲ့မို့ ဂျူးဆက်သွယ်နဲ့မေစိမ်းသူကိုပါ ရောင်စဉ်ခြယ်နဲ့အတူတူလိုက်သွားခိုင်းလိုက်တာ။ခံစားရတဲ့ဝေဒနာတွေကို ဂီတနဲ့ကုစားဖို့ ဈာန်ဦးခေတ်ကိုယ်တိုင်ပဲရွေးချယ်ခဲ့တာမို့ ဒီအဖြစ်အပျက်တွေပေါ်မှာ နောင်တရခြင်းအလျင်းမရှိ။

" ဟဲ့... ကော်ရစ်တာမှာ အောင်ဘုန်းခေတ်ရပ်နေတယ် တွေ့လား...... "

ဈာန်ဦးခေတ်တို့အရှေ့ခုံမှာထိုင်နေတဲ့ ကောင်မလေးတွေဆီကခပ်တိုးတိုးအသံဟာ ဈာန်ဦးခေတ်ခန္ဓာကိုယ်ကိုဆတ်ခနဲ။ရှေ့မှာ စာသင်တဲ့ဆရာမရှိနေတာတောင် ကဲကဲလှုပ်ချင်နေတဲ့ကောင်မလေးတွေကို စိတ်ထဲမှာခပ်ချဉ်ချဉ်။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now