💕 { Khit }² 🍷🌹 18

2.4K 104 10
                                    

✍️ Unicode

ခေါင်းဖြူဖြူနဲ့လှိုင်းလုံးတွေအပြေးအလွှားလာခစားနေကြတဲ့ ပင်လယ်ကမ်းစပ်သဲသောင်ပြင်တစ်ခု။သဲသောင်ပြင်ပေါ်ရှိရှိသမျှလူတွေအားလုံးကအဖြူရောင်ဝတ်စုံတွေနဲ့ဖွေးဖွေးလှုပ်လို့။လူတွေတင်မကသေး။ပြင်ဆင်ထားသမျှအရာတွေအားလုံးကလဲ အဖြူရောင်တွေ။

စားပွဲခင်းတွေ၊အလှဆင်ထားတဲ့လိုက်ကာတွေ၊ဆလိုက်မီးရောင်တွေ အားလုံးကအဖြူ။ထူးခြားတာကတော့ အလှဆင်ထားတဲ့ ပန်းတွေအားလုံးနှင်းဆီအနီရောင်တောက်တောက်တွေဖြစ်နေတာပါပဲ။

ဒါတင်မကသေးဘူး။အဖြူရောင်ဝတ်စုံနဲ့လူတွေအားလုံးမှာလဲ အနီရောင်ဝိုင်တစ်ခွက်စီကိုင်ထားတာက ပါလိုက်သေး။ဝိုင်နဲ့နှင်းဆီအရောင်ကလွဲရင် အားလုံးကအဖြူရောင်။

ဈာန်ဦးခေတ်ကိုယ်တိုင်လဲအဖြူရောင်ဝတ်စုံ suit ကိုဝတ်ထားတာပဲ။ဆဋ္ဌမအာရုံကသတိပေးနေတာကြောင့်ထင့် ဒီအပြင်အဆင်ဒီမြင်ကွင်း‌တွေကို ဈာန်ဦးခေတ်သဘောမကျ။အဖြူရောင်ဝတ်စုံနဲ့ဝိုင်သောက်နေတဲ့ လူတွေက ဈာန်ဦးခေတ်ကိုကြည့်နေတဲ့အကြည့်တွေကိုလဲမကြိုက်။

တစ်ခုခုကို လျှို့ဝှက်ထားကြတဲ့ဟန်။ဈာန်ဦးခေတ်နောက်ဘက်ကအသံတစ်ခုခုကြားတာကြောင့်လှည့်ကြည့်လိုက်တော့ အဖြူရောင်တွေလွှမ်းခြုံထားတဲ့ မင်္ဂလာစင်မြင့်တစ်ခု။

စင်မြင့်နောက်ခံမှာတော့ မောင်အောင်ဘုန်းခေတ်နဲ့မောင်ဈာန်ဦးခေတ်တို့၏ မင်္ဂလာဧည့်ခံပွဲဆိုတဲ့ စာလုံးကြီးကလဲထင်းလို့။စင်မြင့်ပေါ်မှာ ခပ်မိန့်မိန့်ထိုင်နေတဲ့သူက အောင်ဘုန်းခေတ်။နှုတ်ခမ်းပေါ်မှာက မထီတရီအပြုံးတစ်ခု။

" ဟား… ဟား… ဟား……… "

လူတွေဆီကနေ ရုတ်တရက်ထွက်လာတဲ့ရယ်သံတွေ။ဈာန်ဦးခေတ်ကို ဝိုင်းထိုးနေကြတဲ့လက်ညိုးတွေ။ချာချာလည်နေတဲ့ဦးနှောက်တစ်ခုရဲ့နောက်မှာ မြင်ကွင်းတစ်ခုလုံးမှုန်မှုန်ဝါးဝါး။စီးကျမလာသေးတဲ့မျက်ရည်တွေက မျက်လုံးအိမ်ထဲမှာအပြည့်။

နောက်ဆုံးဈာန်ဦးခေတ်ခြေလှမ်းတွေဦးတည်မိတာက လှိုင်းလုံးတွေရှိရာပင်လယ်ပြင်ဆီသို့။ရယ်သံတွေနဲ့ဝေးရာကိုထွက်ပြေးရင်း ဈာန်ဦးခေတ်တစ်ယောက်ပင်လယ်ပြင်ထဲကိုတစစနစ်မြုပ်။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now