Episode [ 1 ]

1K 68 11
                                    

နေပူရှိန်ပြင်းသည့်နေ့လယ်ခင်းအချိန်ဖြစ်သည် ။ လူသွားလမ်း၌ ဖြတ်သွားဖြတ်လာ နည်းပါးလှပြီး ကားလမ်းမထက်တွင်လည်း ပစ္စည်းပို့သည့်ဆိုင်ကယ်လေးရပ်ကာဖြင့် မီးစိမ်းသွားရန် စောင့်ဆိုင်းနေသည့်သူတစ်ယောက်သာ ရှိပေသည် ။ မီးပွိုင့်မှ မီးစိမ်းသွားသည့်အခါမှာတော့ ဆိုင်ကယ်လေးကို အရှိန်တင်လိုက်ပြီး လမ်းဖြတ်ကူးလိုက်သည် ။

ဘယ်သူမှမထင်ထားသည်ကတော့ ရှင်းလင်းနေသည့်ကားလမ်းမထက်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသည့်ကားတစ်စီးမှာ လေလိုအလျင်ဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည် ။ သူ့ဖက်လမ်းကြော၌ မီးမနီသွားခင်လေး ဖြတ်ကျော်ချင်နေသည့်ကားမှာ ပို၍အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာခဲ့ပြီး မီးနီကို ဖြတ်ကျော်နိုင်သွားပြီဟု ထင်ခဲ့ပေမယ့် သူရှေ့သို့ ရောက်ရှိလာသည့်ဆိုင်ကယ်လေးကိုတော့ မရှောင်နိုင်ခဲ့ပါချေ ။

မျက်စိတစ်မှိတ်အတွင်းဝယ် သူ့ခန္ဓာကိုယ်မှာ
လေပေါ်သို့မြှောက်တက်သွားခဲ့ပြီး လမ်းမထက်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားလေသည် ။ အမြင်အာရုံတွေမှာ ဝေဝါးနေခဲ့ပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားသော်လည်း သူ့ဦးခေါင်းအနောက်ဘက်မှာ နာကျင်နေပေသည် ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထုံကျင်နေသလိုမျိုး မည်သည့်နာကျင်မှုကိုမှ မခံစားမိပေမယ့် ပြင်းထန်လှိုက်ဖိုနေသည့်နှလုံးခုန်နှုန်းတွေ​ကိုတော့ ခံစားမိနေပြီး နှလုံးတစ်ခုလုံး ပေါက်ထွက်တော့မတက် ဖြစ်နေရသည် ။

ဝေဝါးနေသည့်အမြင်အာရုံထဲ၌ မလှမ်းမကမ်းရှိ မှောက်နေသည့်ဆိုင်ကယ်နှင့် လမ်းဘေးသို့ ထိုးဆင်းနေသည့်ကားတစ်စီးကို မြင်​တွေ့နေရပြီး ခဏအကြာမှာတော့ သူ့မြင်ကွင်းအတွင်းသို့ လူတစ်ချို့ ဝင်ရောက်လာသည် ။ လူအုပ်ကြီးထံမှ စကားသံများထွက်နေပါသော်လည်း သူ့နားထဲတွင်မူ အဝေးတစ်နေရာမှလာသည့်အသံလိုမျိုး တိုးလျနေပေသည် ။

ငါ သေတော့မှာလား ။

ထိုအတွေးခေါင်းထဲဝင်လာသောအခါ ပိုမိုကာ စိတ်မငြိမ်မသက်ဖြစ်လာရပြီး လဲကျနေရာကနေ ကုန်းရုန်းထချင်လာမိသည် ။ သို့ပေမယ့် စိတ်သာဆောင်နေပြီး ခန္ဓာကိုယ်ရှိ မည့်သည့်အစိတ်အပိုင်းကမှ သူ့သဘောအတိုင်း မဖြစ်ပါချေ ။ အရိုးများ ကျိုးကြေနေမည်ကို စိတ်ထဲ၌ သိနေသည် ။

IN THE DARKNESSWhere stories live. Discover now