အဆောင်သို့ပြန်ရောက်လာသည့်အခါမှာတော့ ဂန်းလေး လက်ထဲ၌ စားစရာဗန်းလေးပါလာပေတော့သည် ။ မင်ယွန်းဂီမှာ ပျားရည်မုန့်လေးအား တစ်ကိုက်ကိုက်လိုက်ပြီး တမြုံမြုံ ဝါးနေလိုက်သည် ။ ထို့နောက် လက်ထဲ၌ ပျားရည်မုန့်တစ်ခုကိုင်ကာဖြင့် စာကို ဆက်လက် ဖတ်ရှုနေလိုက်သည် ။ ပျားရည်မုန့်တစ်ခု ကုန်သွားသည့်အခါမှာတော့ စာဖတ်ခြင်းကြောင့် သူ့မျက်လုံးတွေမှာ ညောင်းလာပြီ ဖြစ်ပြီး တဖြေးဖြေး စင်းကျလာတော့သည် ။
ထို့ကြောင့် မင်ယွန်းဂီမှာ အိပ်ရာမဝင်ခင် ပလုပ်ကျင်း ၊ လက်ဆေးလိုက်ပြီးနောက် စားစရာဗန်းလေးအား ဂန်းလေးကို သိမ်းခိုင်းလိုက်သည် ။ ထို့နောက် စာအုပ်ကိုပိတ်လိုက်ပြီး ခေါင်းအုံးနားထားလိုက်ကာ အိပ်ရန်ပြင်လိုက်တော့သည် ။
ဂန်းလေးမှာ စားစရာတွေ သိမ်းဆည်းပြီးနောက် အဆောင်သို့ ပြန်လာခဲ့လိုက်သည် ။ သခင်ငယ်လေး၏ အိပ်ခန်းဆောင်၌ မီးလင်းနေသော်ကြောင့် ဂန်းလေးမှာ ဖယောင်းတိုင်မီးငြိမ်းရန် အခန်းတွင်းသို့ ရွရွလေး ဝင်ရောက်လာလိုက်သည် ။ အိပ်ရာထက်၌ ကွေးကွေးလေး ငြိမ်သက်စွာအိပ်နေသည့် သခင်ငယ်လေးကို စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ဖယောင်းတိုင်မီးငြိမ်းရန် ပြင်လိုက်သည် ။ ထိုအချိန်မှာပင် အိပ်ရာကနေ ငေါက်ခနဲ ထထိုင်လာသည့်သခင်ငယ်လေးကြောင့် ဂန်းလေးမှာ အော်လုမတတ်ဖြစ်သွားရသည် ။
" သခင်ငယ်လေး မအိပ်သေးဘူးလားဗျ ။ "
သခင်ငယ်လေးက ဘာမှမဆိုပါဘဲ ထရပ်လာသောကြောင့် ဂန်းလေးလည်း နားမလည်စွာ မေးမြန်းလိုက်သည် ။
" သခင်ငယ်လေး...ဘယ်သွားမလို့လဲဗျ ။ စောနကပဲ အိပ်ချင်နေတာ မဟုတ်ဘူးလား ။ အိပ်မပျော်ရင် ကျွန်တော် ရေနွေးကြမ်းလေးသွားယူပေးမယ်ဗျ "
သူ ပြောစကားများအတွက် အဖြေမရှိပါချေ ။ ဂန်းလေးမှာ သခင်ငယ်လေး၏ မျက်နှာအား ဂရုတစိုက် ကြည့်ရှုလိုက်သည် ။ မျက်နှာသွင်ပြင်မှာ တည်တံ့နေကာ မျက်လုံးအစုံမှာ တစ်နေရာသို့ ကြည့်နေပါသော်လည်း ဗလာဟင်းလင်းဖြစ်နေပုံလည်း ပေါ်၏ ။ သခင်ငယ်လေး၏ ယခုပုံစံမှာ အိပ်နေရင်းလမ်းထလျှောက်တတ်သည့် ပုံစံနှင့် ဆင်တူပေသည် ။
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...