"ဘယ်သူလဲ အစ်ကို"
ခြံထဲပြန်ရောက်သည်နှင့် အိမ်အပေါက်ဝနားမှာ ရပ်နေတဲ့ နွယ်လေးက စီးကြိုကာမေးသည်။
"ဘယ်သူနောက်ပြီး ဘဲလ်တီးသွားလဲမသိပါဘူးကွာ"
"ငါသွားကြည့်တော့ ဘယ်သူမှမရှိဘူး"မျက်ခုံးတွန့်လျက် ရွှတ်နောက်နောက်မျက်နှာထားဖြင့် ရန်နိုင်လင်းပြောလိုက်သည်။
ကိုရန်နိုင်လင်းဟာ နွယ်လေးအတွက် အစ်ကိုအရင်းတစ်ယောက်လိုပင်။ဒီအိမ်ထဲ နွယ်လေးနဲ့အရင်းနှီးဆုံးသူဆိုရင်လည်းမမှား။သဘောကောင်းပြီး ကြင်နာပေမဲ့ တစ်ခါတစ်ခါဆို စိတ်မဆိုးဆိုးအောင် စတတ်တဲ့အကျင့်ကလည်း ပေါ်လာသေးသည်။ထိုအချိန်ဆို သံပရာသီးကိုက်ထားသလိုမျိုး နွယ်လေးမျက်နှာ ဆူပုတ်နေတတ်သည်။
"ရွှေ့စရာမရှိတော့ရင် ငါရေသွားချိုးတော့မယ်"
ရန်နိုင်လင်းက ထိုသို့ပြောရင်း နွယ်လေးကိုခေါင်းပုတ်ကာ အိမ်ထဲသို့တန်းဝင်သွားလေသည်။
နွယ်လေးက သူ့ပုံစံအတိုင်းပင် မျက်နှာသေနဲ့ကျန်ခဲ့ပြီးနောက် အတော်ကြာမှ ပန်းခြံကို သတိရသွားသည်။
နေ့တိုင်းလိုလို ပန်းခြံလေးဆီကို သူမရောက်ဖြစ်သည်။
ရေလောင်းလိုက်၊ပေါင်းသင်လိုက်။
ကိုယ်တိုင်ပျိုးထားတဲ့ အပင်လေးတွေကို တစိမ့်စိမ့်ကြည့်လိုက်လုပ်နေရသည်မှာ သူမရဲ့နေ့စဉ်အလုပ်တစ်ခု။ထိုပန်းပင်လေးများသည် သူမမှဂရုမစိုက်လျှင် အမေ့လျော့ခံလေးများဖြစ်သွားနိုင်သည်။
အခုလည်း စောစောကမှ ပူပူနွေးနွေး နေရာချထားတဲ့ နှင်းဆီအိုးကို သွားကြည့်ရအုံးမည်။
ဤသို့အတွေးတို့နှင့်အတူ ခြေလှမ်းနှေးတို့ဖြင့် ပန်းခြံဆီသို့ လျှောက်သွားလိုက်သည်။
'အဲ့အပင်တွေကိုပဲ ယုယနေသိလား..နင်ဘယ်တော့မှရည်းစားရမှာမဟုတ်ဘူး'
အတွေးတို့ကို ဖြတ်ခနဲဝင်နှောင့်သွားသည့် ပုံရိပ်တစ်ခုကြောင့် ခြေလှမ်းတွေ တုန့်ခနဲရပ်သွားသည်။
တစ်စက္ကန့်လေးတောင် မကြာလိုက်သည့် ထိုပုံရိပ်မှာ ဝေဝေဝါးဝါးသာ ရှိသည်။