ရုတ်တရက် ရပ်တန့်သွားသော ကားကြောင့် နွယ်နီညို ခါးမတ်သွားသည်။ စတီယာရင်ကို လက်ချောင်းဖြင့်ခေါက်နေသည့် ဒရိုင်ဘာ ဦးလေးကြီးထံ လှမ်းကြည့်တော့ ထွေထွေထူးထူး ကိစ္စမရှိသလို သီချင်းတောင် ညည်းနေလိုက်သေး။
ဟိုကလေးမအိမ်က ထွက်လာလာပြီးချင်း အိမ်ယာအတွင်း အငှားကားခေါ်လို့ရသည်ဟု နွယ်က ပြောသဖြင့် တုံ့ဆိုင်းခြင်းမရှိ Grab Taxi ခေါ်ခဲ့လိုက်သည်။ ဟိုကလေးမ စိတ်ပြောင်းသွားမည်စိုး၍ နွယ့်လက်ကိုဆွဲကာ ဒရောသောပါး ထွက်လာခဲ့ပေမဲ့ နွယ်သာ ထိုသို့မပြောလျှင် နေပူကျဲတဲ၌ ဂိတ်ဝထိ လမ်းလျှောက်မိမလားမသိ။
"ဦးလေး ဘာလို့ ကားရပ်လိုက်တာလဲ"
"ပူနေလို့လား ကလေးမ. အဲကွန်းဖွင့်ပေးရမလား"
အမေးနှင့်အဖြေဟာ တလွဲမို့ မျက်မှောင်ပင်ကုပ်မိသွားသည်။ ဦးလေးကြီးက နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်ကာ ပြောလာခြင်းဖြစ်သည်။
သူမတို့ ယခုထိ အိမ်ယာထဲက မထွက်ရသေး။ တစ်အိမ်နဲ့တစ်အိမ် ခြံအကျယ်ကြီးတွေကြောင့် အတော်လှမ်းနေသည်ဖြစ်ရာ အိမ်ယာဝန်းသည် အကျယ်ကြီး။ ကလေးမအိမ်ကတော့ တစ်သီးတစ်သန့် တစ်ခြားခြံများနှင့် တကွဲတပြားမှာ ထီးထီးကြီးဖြစ်နေသလို။ အငှားကားမခေါ်ခင်အထိ အတော်ကြာလမ်းလျှောက်ခဲ့တာတောင်မှ သူ့ခြံရိပ်က မလွတ်နိုင်တာ သတိထားမိခဲ့သည်။
"မဟုတ်ဘူး ဘာဖြစ်လို့ ကားရပ်လိုက်တာလဲ မေးနေတာ"
ထိုအခါမှ ဦးလေးကြီးက နောက်သို့ လှည့်ကြည့်လာသည်။ ချက်ချင်းပြန်မပြောပဲ ကားမှန်ကို ခေါင်းမှီကာ အပြင်သို့ ငေးနေသည့် နွယ့်ကို တစ်ချက်လှမ်းကြည့်နေသည်။
"ဂိတ်နားမှာ ပြဿနာတက်နေတယ်ထင်တယ်. ဦးလေးတို့ရှေ့မှာ နှစ်စီးလောက်ကျန်နေတာ"
ပြောမှ အရှေ့ကို အာရုံပို့မိ၏။ သူမတို့ရှေ့တွင်လည်း အိမ်စီးကားအနက်တစ်စီး ရပ်နေသေးသည်။
"ဟိုတစ်ယောက်က ကားမူးနေလို့လား"
နွယ့်ကို မေးဆတ်ကာ ဦးလေးကြီးက မေးသည်။ နွယ်နီညို ဦးလေးကြီးကို ပြန်ကြည့်လိုက်ပြီး ဘာလို့များ ခဏခဏ နွယ့်ကို လိုက်စိတ်ဝင်စားနေပါလိမ့်ဟု စဉ်းစားမိ၏။