ခွက်ထဲကို တစက်စက်ကျနေတဲ့ ကော်ဖီဖျော်စက်မှ ကော်ဖီစက်များအား လင်းဝဒီဇင် အကြောင်သား ရပ်ကြည့်နေသည်။
"လျှံတော့မယ် အစ်မရဲ့"
အနား ရောက်လာသည့် မိန်းကလေး၏အသံကိုကြားမှ လျှံတော့မည့် ကော်ဖီခွက်ကို ဘေးချကာ စက်ကို ပိတ်လိုက်ရသည်။
ထိုမိန်းကလေးမှာ စီမံခန့်ခွဲရေးဌာနက ဖြစ်သည်။ လင်းဝဒီဇင် သူ့ကို ပြုံးပြလိုက်သည်။
"ကျွတ် ကျွတ် ကျွတ် ငါတို့ကုမ္ပဏီလည်း ရှေ့လျှောက် ဘာတွေဖြစ်မလဲပဲ. နေ့ချင်းညချင်းကြီး ဥက္ကဌ အသစ်ကလည်း မပြောမဆို ရောက်ချလာတယ်. ငါတို့ ဂျာကြီးကလည်း မျက်နှာမကောင်းဘူး. မျက်ခုံးလှုပ်တယ်ဟေ့"
သူက တစ်ယောက်တည်း ရေရွတ်နေတာဖြစ်ပေမဲ့ လင်းဝဒီဇင် မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။
ခဏနေတော့ ရေခဲသေတ္တာဖွင့်ကာ တစ်ခုခုရှာသည်။ ပြီးနောက် သူ့လက်ထဲ အအေးဘူး တစ်ဘူး ပါလာသည်။ လီမွန်အရသာ ဆန်းကစ် ပလတ်စတစ်ဘူး။
"အစ်မကရော CEO အသစ်ကို ဘယ်လိုမြင်လဲ"
"ကျွန်မတို့ကတော့ မနက်ကမှ ဂျာကြီး ပြောလို့သိတယ်. တော်တော်ငယ်တယ် ဆိုလားပဲ"ပြန်မဖြေသေးဘဲ သူ အအေးဘူး ဖွင့်လိုက်တာကို လိုက်ငေးမိသည်။ အအေးကို မော့သောက်လိုက်ကာမှ သူ့မျက်နှာကို ပြန်ကြည့်လိုက်ကာ...
"မပြောတတ်ပါဘူး ညီမလေးရယ်"
"ဘာကိုမှ အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ. အသက်ငယ်ပေမဲ့ လုပ်ရည်ကိုင်ရည် ထူးချွန်နေနိုင်တာပဲ""အင်း အဲ့တာလည်း ဟုတ်တယ်နော်"
"CEOကို ကျွန်မ မမြင်ဖူးသေးဘူးရယ်"
"ချောလားဟင်"ကောင်မလေးရဲ့ အမေးကို ချက်ချင်း ပြန်ဖြေမယ်လုပ်ပြီးမှ တုံ့ဆိုင်းသွားသည်။ သူမ ဘာကို တွေဝေ သွားသလဲ မသေချာ။
အတန်ကြာမှ ...
"အင်း ချောပါတယ်"
"ဟုတ်လား ဟီးဟီး ဒါဆို ကောင်းတာပေါ့"
"ကဲ အစ်မရေ ဒါဆို ကျွန်မကို ခွင့်ပြုပါအုံး"သွားများပေါ်သည်အထိ ပြုံးရယ်ကာ ထွက်သွားသော သူ့ကို သူမ ခပ်ဖွဖွသာ ပြန်ပြုံးပြလိုက်သည်။ သူ အခန်းထဲမှာ မရှိတော့မှ အပြုံးကို ပြန်ပြင်လိုက်ရ၏။ သူမ ပြုံးချင်စိတ်ပင် မရှိနေပါ။