မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာလျက် ခေါင်းငုံ့ငိုကြွေးနေသည့် မိန်းကလေးကို ကြည့်ရင်း ရင်ထဲ မွန်းကြပ်လာရသည်။
တသိမ့်သိမ့် တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးနှင့်အတူ ရှိုက်သံတစ်ချက်တစ်ချက်တိုင်းက နှလုံးသားကို ကျဉ်စက်နဲ့ တို့ထိနေသလို စူးကနဲ၊ အောင့်ခနဲနှင့်။
သူစိမ်းမိန်းကလေး ဖြစ်နေသည့်တိုင် ကြေကွဲစို့နင့်စွာငိုကြွေးနေသည့် သူ့ပုံစံကို မြင်ရခြင်းသည် စိတ်အစဉ်ကို မွန်းကြပ်စေကာ ဂယောက်ဂယက် ဖြစ်စေပါသည်။
ထိုစဉ် ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး ရပ်ကာ ငြိမ်သက် ငေးမောနေသည့် သူမအား ထိုမိန်းကလေးက ရှိုက်သံတို့ကြားမှ အားယူကာ စကားပြောလာသည်။
"နင်..နင်..ငါ့ကိုတစ်ကယ်..မမှတ်မိတာလား နွယ်"
"ငါ နွယ်နီလေဟာ..နွယ်နီညိုပါ..တစ်ကယ်..မသိတာလား"သူ့အမည်နာမအား ကြားသိလိုက်ရခိုက် နွယ်လေး မျက်ဝန်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ဟုတ်သည်။ သူစကားစပြောလာချိန်မှာပင် သူ့ကိုမသိပါဘူးဟု နွယ်လေး ပြောလိုက်မိသည်။ ထိုအခါ ဘယ်တုန်းကတည်းက အခွင့်ချောင်းနေမှန်းမသိသည့် မျက်ရည်များက သူ့မျက်ဝန်း နီမြန်းမြန်းဆီမှ တာကျိုးလာသည်။
ထိုအခါ နွယ်လေးမှာ မိုးပြိုသွားသလိုပင်။
ထိုခံစားချက်သည် မူမမှန်မှန်းလည်း သိသည်။
သိသည့်တိုင် ထိုခံစားချက်အား လျစ်လျူရှုလိုက်၍
မရသလို ပိုပြီးတောင် ဆိုးလာနေသည်။သူ့အမေးကို နွယ်လေး ပြန်မဖြေမိ။ မျက်နှာကို အုပ်ကာထားသော ပန်းရောင်သန်းသည့် သူ့ရဲ့လက်ချောင်း ထိပ်ကလေးတွေကိုသာ တွေတွေကြီး စိုက်ကြည့်နေမိသည်။
နွယ်နီညိုဆိုသော သူက နာမည်နှင့်လိုက်ဖက်စွာပဲ နီညိုရောင် မြန်မာဝမ်းဆက်လေးကို ဝတ်ထားသည်။
အပေါ်မှလည်း အနက်ရောင် လက်ရှည်အင်္ကျီကို ထပ်ဝတ်ထားသေးသည်။ ဘယ်ဘက် လက်သူကြွယ်တွင်မူ ခပ်သေးသေး ငွေရောင်လက်စွပ်လေးတစ်ကွင်း။