တံခါးကို ခပ်ဖြည်းဖြည်းတွန်းဖွင့်ပြီး ရတီခရဲ့အခန်းထဲကို လူတစ်ယောက်ဝင်လာသည်။
ထိုသူမှာ ခွန်းသူရိယပင်။
အကြောင်းအရင်း ရေရေရာရာ မရှိပါပဲနဲ့ ဘာရယ်မဟုတ်ရောက်လာခဲ့ခြင်းသာ။"ဟဲ့!ကုလားမ ငုတ်တုပ်!!"
တံခါးကိုပြန်ပိတ်လိုက်ပြီးမှ အနောက်ကိုလှည့်လိုက်မိတော့ ကုတင်ဘေးမှာ ထိုင်နေတဲ့ ရတီခကိုတွေ့ရသည်။
သူမလန့်သွားတာကြောင့် ပါးစပ်ကတောင် ယောင်သွားလျက်။
"နင်မအိပ်ဘူးလား အဲ့မှာထိုင်ပြီးဘာလုပ်နေတာလဲ"
ရတီခနားကို သွားကာ သူနှင့်အတူ ထိုင်လိုက်သည်။
အနားရောက်မှ ရတီခရဲ့မျက်နှာကို ထင်ထင်ရှားရှားမြင်လိုက်ရတော့ မျက်ကွင်းတွေညိုနေတာကို သတိပြုမိလိုက်သည်။
"ဟယ် ကြည့်စမ်း"
"မျက်ကွင်းတွေညိုနေတာပဲ"
"တစ်ညလုံး မအိပ်ထားဘူးလား"သူ့မျက်နှာကို အုပ်ကိုင်ကာ ဆွဲလှည့်လိုက်ရင်း သူမမေးလိုက်သည်။
ဒီကိုမလာခင် နာရီကြည့်ခဲ့သည်မို့ မိုးလင်းခံနီး ငါးနာရီခွဲဖြစ်ကြောင်း သိသည်။
ဒီအချိန်ထိမအိပ်ပဲဘာလုပ်နေခဲ့သည်လဲ...။
"ငါမေးနေတယ်လေ ရတီခ"
ရတီခက ဘာမှပြန်မပြောပဲ တစ်နေရာကိုသာ ညှို့မှိုင်းမှိုင်းအကြည့်တို့ဖြင့် ကြည့်လို့နေသည်။
"ဘာဖြစ်နေတာလဲလို့ ပြောလေ"
"ငါမေးတာကိုဖြေစမ်းပါ""အဲ့လိုမျက်နှာမျိုးလုပ်မနေပါနဲ့ ငါ့ကိုကြည့်"
"ငါ့ကိုကြည့်လို့ပြောနေတယ်လေ ရတီခ"ပုခုံးကိုဆွဲလှုပ်ရင်း အားမလိုအားမရစွာ ခွန်းသူရိယပြောလိုက်သည်။
"နင်ငါနဲ့ဖုန်းပြောဖူးတယ်မလား"
"ဟမ်"
ထိုညှို့မှိုင်းမှိုင်းအကြည့်တွေနဲ့ပဲ ရတီခက သူမကိုကြည့်လာရင်း ခပ်တိုးတိုးမေးသည်။
"ပြောဖူးတယ်လေ ဘာဖြစ်လို့လဲ"
"ဖုန်းထဲမှာငါ့အသံကဘယ်လိုနေလဲ"