"သော်တာ"
ထိုအသံကိုကြားသည့်အခါ သိမ့်ခနဲတုန်သွားသည့် ကျောပြင်တစ်ခု။ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည့် မျက်နှာလှလှပေါ်တွင် ညိုမဲနေသည့်မျက်ကွင်းများလည်း ရှိနေ၏။
ထို့နောက် မျက်စိရှေ့တွင်ရှိနေသည့် ထိုမိန်းကလေးအား မယုံနိုင်သည့် အကြည့်တို့ဖြင့် ကြည့်လိုက်၏။မျက်ခမ်းစပ်၌လည်း မျက်ရည်စများစတင် ဖြစ်တည်လာသည်။
"သော်တာ နင်.."
ရုတ်တရက်ပင် ပွေ့ဖက်လိုက်တော့ ထိုမိန်းကလေးက စကားကို တစ်ဝက်တစ်ပျက်နှင့် ရပ်သည်။သူ့ပုခုံးဆီမျက်နှာအပ်လျက် တင်းကြပ်စွာဖက်ထားလိုက်ရင်း အသံတိတ် ငိုကြွေးမိ၏။
"ရတီခရယ် ငါနင်တစ်ခုခုဖြစ်တယ်ထင်လို့ဟာ"
သူမ၏ သူငယ်ချင်းဖြစ်သူသည် သုံးရက်ကြာ ဘာအဆက်အသွယ်မှမရပဲ ပျောက်နေခဲ့သည်။ဖုန်းဆက်၍လည်းမကိုင်၊ စာပို့၍လည်းမထူးခဲ့သည်မို့ နဂိုကတည်းက စိုးရိမ်ကြီးတတ်သည့် သူမစိတ်များ ဂယောင်ခြောက်ခြားဖြစ်နေခဲ့ရသည်။
ထိုစိတ်နဲ့ ညတွေလည်းကောင်းကောင်းအိပ်မပျော်ခဲ့သလို ထမင်းမေ့ဟင်းမေ့။မျက်ကွင်းညိုများနှင့် ဖြူဖျော့နေသည့် မျက်နှာက သက်သေပင်။
"ငါ..ဒီတိုင်းနေမကောင်းလို့ပါ"
"သိလားသော်တာ ငါ့ဖုန်းလေ ရေထဲပြုတ်ကျလို့ နှစ်ရက်လောက် ဆိုင်ပို့ထားရတာ..မနေ့ကမှပြန်ရတယ်"ရတီခ၏ တိုးဖျော့ဖျော့စကားသံကြောင့် အိမ့်သော်တာ ခေါင်းမော့လာသည်။ထို့နောက် စူးစမ်းသည့်အကြည့်တို့ဖြင့် ရတီခအား သိမ်းကျုံးကြည့်လိုက်၏။
ဘာစကားမှမပြောပဲ သူမကို စိုက်ကြည့်နေသည့် သော်တာ့ကြောင့် ရတီခနေရခက်သလို ရှိလာသည်။
အတန်ကြာမှ သော်တာက မျက်မှောင်ကိုကျုံ့ကာ စကားစပြော၏။"ငါနင့်ကိုဖုန်းတွေခေါ်ထားတယ် နင်သိလား"
"အင်း သိတယ်လေ ကိုးဆယ့်ခြောက်ကောလ်တောင်"
ထိုအရေအတွက်ကိုအကြား အိမ့်သော်တာ ရှက်ခနဲဖြစ်သွားကာ ရတီခဆီမှ အကြည့်လွှဲသွား၏။စိုးရိမ်စိတ်ကသာ ကြီးစိုးနေသည်ကြောင့် ထိုမျှပင် အပိုတွေလုပ်လိုက်မိသည်ပဲ။