ငါဘာလို့ ဒီမှာထိုင်နေသေးတာလဲ..
အငွေ့တထောင်းထောင်းထနေသော မုန့်ဟင်းခါးပန်းကန်နှင့် ထိုပန်းကန်ထဲသို့ ငရုတ်သီးမှုန့်များ ထည့်နေသည့် ထိုလူ့အား နွယ်နီညို စိတ်မရှည်စွာ ကြည့်နေမိသည်။
သူမဟာ ဒီကို မုန့်ဟင်းခါးစားဖို့ ရောက်နေသည်မှ မဟုတ်ပဲ။ နွယ့်အကြောင်း သိချင်၍ ရောက်နေရခြင်းသာ။
နွယ်နှင့် ပြန်တွေ့ရပြီးသည့်နေ့၊ သူမ ဆေးရုံမှ ဆင်းလာသည့်နေ့ကတည်းက ဒီဈေးကို ခဏခဏရောက်လာတတ်သည်။ အကြောင်းမှာ နွယ့်ကိုများ ထပ်တွေ့ရမလားဟူ၍။
ရက်အနည်းငယ် ကြာပြီးတဲ့နောက် နွယ်လိုက်ပါသွားသည့် Honda ကားအပြာကို ဈေးရှေ့တွင် တွေ့လိုက်ရပြီး ဈေးထဲကို အပြေးလာမိတော့ ဆိုင်ခန်းတစ်ခုရှေ့ တောင့်တောင့်ကြီး ရပ်နေတဲ့ ထိုလူ့ကို တွေ့လိုက်ရသည်။
နာမည်ကတော့ ရန်နိုင်လင်းဟု သူပြောသည်။ သို့သော် သူ့နာမည် ဘာဖြစ်ဖြစ် သူမ စိတ်မဝင်စားပါ။
သူမ စိတ်ဝင်စားတာက...
"ဒီမှာ ရှင်စားလို့ပြီးရင် ကျွန်မမေးတာကို ဖြေပါတော့"
နွယ်နီညိုက သူမရှေ့ရှိ ထိပင်မထိရသေးသော မုန့်ဟင်းခါးပန်းကန်ကို အားမနာစွာ ပြောသည်။ ရန်နိုင်လင်းက သူ့ကို မော့မကြည့်သေး။ စားစရာရှိတာသာ ဆက်စားနေသည်။
သူ့ကြည့်ရတာ အစပ်အရသာ မလုံလောက်သေးဟန်တူပါသည်။ ငရုတ်သီးမှုန့်ဘူးကို လက်လှမ်းနေပြန်သည်။
"စားစရာကို အရင်စားပါအုံးဗျာ. ဖြည်းဖြည်းပေါ့"
"ကျွန်တော်ထွက်မပြေးပါဘူး""ရှင် ထွက်ပြေးတာ မပြေးတာအရေးမကြီးဘူး"
"ကျွန်မက__"မြင့်ချင်လာသော လေသံကြောင့် သူမ စိတ်လျှော့လိုက်ရသည်။ ရန်နိုင်လင်းက မုန့်ကိုသာဆက်စားနေ၏။ သူမကို ဘယ်တော့များမှ သိလိုသည်ကို ဖြေလာမလဲ မသိတော့။
နွယ်နီညို သက်ပြင်းတစ်ချက်ချပြီး ဆိုင်ကို ဝေ့ဝဲကြည့်လိုက်ပါသည်။ မုန့်ဖက်များနှင့် တစ်ခြားအမယ်များထားရာ ဈေးရောင်းခုံက ဆိုင်၏မျက်နှာစာတွင် ရှိသည်။