တွေဝေနေခဲ့သည့်အတိုင်း ဒီအိမ်ကို မလာခဲ့သင့်ကြောင်း ယခုမှ နောင်တကြီးစွာ တွေးမိသွားသည်။
အဖြေရခက်နေပုံပေါ်သော ရတီခမိဘများရဲ့ မျက်နှာရိပ်ကို ကြည့်ရင်း အိမ့်သော်တာကြောင်အမ်းအမ်းနှင့်သာ ထိုင်နေရ၏။
ယနေ့ သူမ အတန်းမတက်ဖြစ်ပါ။ အကြောင်းအရင်း ထွေထွေထူးထူး မရှိသော်ငြား အတန်းတက်ရန် စိတ်မပါသောကြောင့်ပင်။
မနက် ဆယ့်တစ်နာရီ အရောက်တွင်တော့ အဆောင်တွင် အခန်းအောင်းနေရာမှ ရတီခအကြောင်း တွေးမိပြီး ဒီရက်ပိုင်း ကျောင်းတအား ပျက်နေသည့် ကိစ္စအား သိချင်လာမိသည်။
ဖုန်းဆက်လို့လည်းမကိုင်။ စာပို့လျှင်လည်း Seen ပင်မပြ။
ထိုသို့ဖြင့် ရတီခအိမ်ကို အကျိုးအကြောင်းမေးရန် လာသင့်၊ မလာသင့် အိပ်ရာထဲလူးလိမ့်ကာ အတော်ကြာ စဉ်းစားနေရင်းမှ ယခုတော့ သူ့အိမ်သို့ ရောက်လာပြီဖြစ်သည်။
သို့သော်လည်း....
ရတီခ၏ အဖေ ဦးတိုးမောင်က သူ၏မိန်းမဖြစ်သူအား အရိပ်အခြေပြသည့် အကြည့်ဖြင့် ကြည့်နေရာမှ သူမဘက်သို့ လှည့်လာသည်။
သက်ပြင်းချသံ သုံးလေးချက်မျှ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် စကားစပြော၏။
"ဒီအထိလာရတာ သမီးကို ဦးလေးတို့အားနာပါတယ်. ဒါပေမဲ့ ရတီခက အခုအိမ်မှာ မရှိဘူး သမီးရဲ့"
အားနာဟန်အပြည့်ဖြင့် ပြောလာသော စကားအဆုံး အိမ့်သော်တာ မျက်ခုံးကျုံ့လိုက်သည်။ ရတီခ၏မိဘများနှင့် သူမ ဘယ်တုန်းကမှ မသိခဲ့ကြပါ။
ရတီခက သူ၏အိမ်လိပ်စာကို ပေးထားဖူးသည့်တိုင် ယခုတစ်ခါသာ သူမ သူ့အိမ်ကို ရောက်လာရခြင်း။
ဒါကလည်း ကျောင်းပျက်ရက်များနေ၍ တစ်ခုခုများဖြစ်သလား စိတ်ပူ၍။အခုတော့ သူက သူရှိနေသင့်သည့် သူ့အိမ်မှာမှ မရှိလျှင် ဘယ်နေရာကိုများ ရောက်နေပါသနည်း။ သွားနေပါသနည်း။
"ဟုတ် အပြင်သွားတာလား ဦးလေး"
ဒီမေးခွန်းကို မေးတာ အခုတစ်ခါနှင့်ဆို သုံးကြိမ်မြောက်။ ထိုသို့မေးတိုင်းလည်း အကြပ်ရိုက်သည့်နှယ် မျက်နှာပျက်သွားတတ်ကြသော ဦးလေးနှင့်အန်တီ့ကို နားမလည်နိုင် ဖြစ်ရသည်ချည်း။