Chapter 24_U

8K 682 31
                                    

ခက်မမြို့နယ်နိမိတ်အတွင်း၊ ခက်ဝန်မြစ်ကမ်းပါးနှင့် မနီးမဝေးရှိ မြက်ခင်းပြင်ကျယ်ကြီးတွင်ဖြစ်သည်။

အဖြူရောင်ပန်းများ၊ အဖြူရောင်ဖဲကြိုးစများ၊ အဖြူရောင်ပူဖောင်းများနှင့် အဖြူရောင်ဇာပုဝါပါးတို့ဖြင့် လှပစွာဆင်ယင်ထားသည့် စင်မြင့်ငယ်လေးက ထိုမြက်ခင်းပြင်ကျယ်ကြီး၏ တစ်နေရာ၊ ခက်ဝန်မြစ်၏ အလှကို ကောင်းကောင်းမြင်တွေ့နေရသည့် နေရာတွင် နေရာယူ၏။

ထိုစင်မြင့်လေး၏အောက်ဖက်မှစကာ မြက်ခင်းပြင်တစ်လျှောက် အဖြူရောင်ကော်ဇောအားလျှောက်လမ်းသဖွယ် ခင်းကျင်းလို့ထားပြီး ထို လျှောက်လမ်း၏ နံဘေးတွင်တော့ အဖြူရောင်ဇာစားပွဲခင်းများခင်းကျင်းထားသည့် စားပွဲဝိုင်းများတည်ရှိလို့နေသည်။

ခက်ဝန်မြစ်ဖက်ခြမ်းမှ တိုက်ခတ်လာသည့်လေနုအေးလေးက ထိုအဖြူရောင်များသုံးထားသည့် မင်္ဂလာနေရာဆီသို့ ရောက်ရှိလာပြီး မင်္ဂလာပွဲတွင်ဆင်ယင်ထားသည့် ဇာစအပါးလေးများ၊ ဖဲကြိုးစလေးများအား ဖြတ်တိုက်လို့သွားတာကြောင့် အဖြူရောင်ဇာပါးစ၊ အဖြူရောင်ဖဲကြိုးစလေးများမှာ အစိမ်းရောင်မြက်ခင်းပြင်ထက်တလွင့်လွင့်နှင့် လှပလို့နေ၏။

မင်္ဂလာပွဲစတင်ပြီး မင်္ဂလာဧည့်ပရိတ်သတ်များစုံလင်လာပြီး မင်္ဂလာအချိန်ကျရောက်လာသည့်အချိန်တွင် မင်္ဂလာတေးသံစဉ်ငြိမ့်ငြိမ့်ကလေးက စတင်ထွက်ပေါ်လို့လာတော့သည်။

ငြိမ့်ညောင်းသာယာသည့် မင်္ဂလာတေးသံစဉ်လေးထွက်ပေါ်လာသည်နှင့် ခန့်မင်းညိုက သူ့လက်ကိုတွဲချိတ်ထားသည့် သားငယ်နှင့်အတူ အဖြူရောင်ကော်ဇောလျှောက်လမ်းအဆုံးမှ စင်မြင့်ထက်သို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလို့သွားသည်။

စင်မြင့်ထက်တွင်တော့ အဖြူရောင် suit အား ဝတ်ဆင်ထားသည့် စောသီဟမောင်က ဖခင်ဖြစ်သူနှင့်အတူ တစ်လှမ်းချင်းစင်မြင့်ထက်သို့ လျှောက်လှမ်းလာသည့် သူ၏ချစ်ရသူလေးအား ငေးကြည့်လို့နေသည်။

အဖြူရောင်တိုက်ပုံနှင့် ခဲရောင်ပုဆိုးကိုဝတ်ဆင်ထားသည့်ဖခင်၏ လက်ကိုချိတ်လျက် စောသီဟမောင်နှင့်ဆင်တူ အဖြူရောင် Suit လေးအား ဝတ်ဆင်ထားပြီး အဖြူရောင်ပန်းများဖြင့်ပြုလုပ်ထားသည့် လက်ကိုင်ပန်းစီးလေးကို ကိုင်ဆောင်သည့် ဟန်လေးက အဝေးကတည်းကပင် သူ့အားပြုံးပြလို့နေ၏။

Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]Where stories live. Discover now