မြူးကြွနေသော သံစဉ်များ တီးလုံးများနှင့် ပြိုးပြိုးပျက်ပျက် မီးရောင်များ လက်လက်ထနေသည့် ကလပ်တစ်ခုအတွင်းတွင် ဖြစ်သည်။
ငှက်ခါးစိမ်းရောင်ရှပ်အင်္ကျီလက်ရှည်နှင့် စတိုင်ပန့်အနက်ရောင်အား တွဲစပ်ကာ ဝတ်ထားသည့်အမျိုးသားတစ်ယောက်မှာ ထိုကလပ်၏ Dance Floor တွင် စည်းချက်ကျကျထွက်ပေါ်လာသည့် သံစဉ်များနှင့် လိုက်လျောညီထွေဖြစ်စွာ ကခုန်လျက်ရှိ၏။
ငှက်ခါးစိမ်းရောင်ရှပ်အင်္ကျီမှာ သူ၏ အညိုရောင်ဖက်သို့ အနည်းငယ်သွားသည့် အသားအရည်နှင့် ပနံတင့်စွာလိုက်ဖက်လို့နေပြီး ထိုအမျိုးသားမှာ ရှပ်အင်္ကျီ၏ အပေါ်ဖက်ရှိကြယ်သီးနှစ်လုံးအား ဖြုတ်ထားကာ သူ၏ ကျယ်ပြန့်တောင့်တင်းနေသည့် ရင်အုပ်ကြီးများကို လှစ်ဟပြသထားလျက်ရှိသည်။
အနည်းငယ်ရှည်နေသည့် ဆံပင်ကောက်ကောက်လေးများက ထိုအမျိုးသား၏ မျက်နှာကျနှင့် လိုက်ဖက်ညီလျက်ရှိပြီး ကခုန်လိုက်တိုင်း တခါတရံ ထိုအမျိုးသား၏ ဘယ်ဖက်နားမှ စိန်ပွင့်အသေးလေးတစ်လုံးဖြင့်သာ တန်ဆာဆင်ထားသည့် နားကပ်လေးက တလက်လက် ထွက်ပေါ်လာတတ်သည်။
မြင့်မားသောအရပ်နှင့် အလွန်ကိုကြည့်ကောင်းလှသော တောင့်တင်းသန်မာသည့် ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် ထိုအမျိုးသားမှာ သူ၏ ဘေးပတ်ဝန်းကျင်မှ ကလေးမွေးနိုင်သော အမျိုးသားများနှင့် အမျိုးသမီးငယ်လေးများ၏ အကြည့်များအား ဖမ်းစားထား၏။
သို့သော်ငြား ထိုအမျိုးသားကတော့ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘဲ သူ၏ အပေါင်းအသင်းများနှင့်သာ ကခုန်နေလျက်ပင်။
"သီဟ မင်းစကေးတွေက အခုထိမကျသေးပါလား"
ဘေးတွင်ရှိသည့် ထိုအမျိုးသား၏ သူငယ်ချင်းဖြစ်သူက ထိုအမျိုးသားကို အာလေးလျှာလေးဖြင့် ပြောလာ၏။
ထိုအမျိုးသားကတော့ ထိုသူငယ်ချင်းဖြစ်သူ၏ စကားအား ဂရုမစိုက်စွာဖြင့် ကခုန်နေသည့်နေရာမှထွက်လာကာ သူတို့သူငယ်ချင်းတစ်စုထိုင်နေသည့် ဝိုင်းသို့ပြန်သွားပြီး သူ၏သောက်လက်စဖန်ခွက်အတွင်းမှ အရက်လက်ကျန်ကိုမော့ချလိုက်သည်။
YOU ARE READING
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]
Romansမြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲဖြစ်ပါတယ်။